ရခိုင် တိုင်းမှူးဟောင်းကို အမေရိကန်က ဒဏ်ခတ်အရေးယူ

ရခိုင်ပြည်နယ်ကို တာဝန်ယူရတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ်မောင်မောင်စိုးကို ဒဏ်ခတ် ပိတ်ဆို့အရေးယူမယ့်စာရင်းမှာ အမေရိကန်အစိုးရက ထည့်သွင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာကျေးရွာတွေမှာ လူမျိုးစုအလိုက် ရှင်းလင်းမှုတွေ လုပ်ဆောင်မှုကို ဦးဆောင်ခဲ့တယ်လို့ ဗိုလ်ချုပ်မောင်မောင်စိုးကို စွပ်စွဲထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကမ္ဘာတဝှမ်းက အရေးယူခံရသူ ၁၄ ဦးထဲမှာ သူ့ကို ထည့်သွင်းပြီး အရေးယူခဲ့တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်အစိုးရကထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာ ဂမ်ဘီယာသမ္မတဟောင်း Yahya Jammeh နဲ့ ဥဇဘတ်ခေါင်းဆောင်ဟောင်းရဲ့ သမီးဖြစ်သူ Gulnara Karimova တို့လည်း ပါဝင်ပါတယ်။ သူတို့ကို Global Magnitsky Human Rights Accountability Act အရ နာမည်ပျက်စာရင်းသွင်းလိုက်တာ ဖြစ်ပါတယ်။

ယခုချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှု အသစ်တွေဟာ အမေရိကန်ပြည်ထောင်စုအပြင် မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ လုံခြုံရေးအပြင် စံထားမှုတွေကိုလည်း လေးစားရာရောက်စေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်တွင်းက ဥပဒေမဲ့သတ်ဖြတ်မှု လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် ကျေးရွာတွေကို မီးရှို့မှုတွေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေကို အမေရိကန်ပြည်ထောင်စုက စိစစ်တွေ့ရှိခဲ့တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ချိန်က ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်ပါဝင်တဲ့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူထားချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာတော့ ဗိုလ်ချုပ်မောင်မောင်စိုးရဲ့နေရာကို ဗိုလ်မှူးချုပ်စိုးတင့်နိုင်နဲ့ အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေက တပ်မတော်က ငြင်းဆိုထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar