နေပြည်တော်၊ ဇွန် ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသအတွင်းမှာရှိတဲ့ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက် သင်တန်းဖွင့်လှစ်နေတဲ့ နေရာအချို့ ဖော်ထုတ်ရမိခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး စတင် ဆောင်ရွက်နေပြီလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
နေပြည်တော်ရှိ သမ္မတအိမ်တော်ဝင်းအတွင်း ဇွန် ၂၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး တပ်မတော် ပါဝင်မှုဟာ အဲဒီဒေသမှာ ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းထားတဲ့ စစ်ဆင်ရေး တွေပြန်စနေတာ မဟုတ်ပါဘူးလို့လည်း သူက အလေးအနက်ထားရှင်းပြခဲ့ပါသေးတယ်။
“အကြမ်းဖက်လှိုဏ်ခေါင်း တွေ့တဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တာပါ။ နယ်မြေရှင်းလင်းရေးမဟုတ်ဘူး။ မေယုတောင်ကြောမှာ အကြမ်းဖက် ခိုအောင်းနေတဲ့နေရာတွေမှာ ရှင်းလင်းရေးလုပ်နေတာ”လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဇွန် ၂၀ ရက်က မေယုတောင်ကြောပေါ်မှာ အနီးအနားက ကျေးရွာသားတွေ ညအချိန်သွားပြီး တက်ရောက်တဲ့ အကြမ်းဖက်သင်တန်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းအရ ရှာဖွေရာမှာ လှိုဏ်ခေါင်းတစ်ခု၊ လူနေတဲ/ဂိုဒေါင်များ၊ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လှိုဏ်ခေါင်းတွင်း ဝင်ရောက်ရှင်းလင်းစဉ် ဓါးဖြင့် တိုက်ခိုက်သူ သုံးဦးရှိခဲ့ပြီး အားလုံးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ လှိုဏ်ခေါင်းဟာ အကျယ် ငါးပေ၊ အမြင့် လေးပေခွဲ၊ အရှည်ပေ ၈၀ ခန့်ရှိတဲ့ လူလုပ်လှိုဏ်ခေါင်းဖြစ်တယ်လို့လည်း အစိုးရက ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းကစလို့ ဒီဒေသအတွင်းမှာ အကြမ်းဖက်သင်တန်းနဲ့ ဆက်နွယ်ပြီး ရှစ်ကြိမ်မြောက် ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုစုပေါင်းလူကိုးဦးကို ဖမ်းဆီးနိုင်ခဲ့သလို အကြမ်းဖက်သင်တန်းတွေမှာ လူဦးရေ ၁၂၀ ခန့် တက်ရောက်ပြီးပြီဆိုတာ ဖော်ထုတ်ရရှိထားတဲ့အကြောင်း အစိုးရက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။
ခြောက်လတာအတွင်း ဖမ်းဆီးရမိသူတွေနဲ့အတူ လုပ်သေနတ် စုစုပေါင်း ၁၈ လက်၊ လက်လုပ်မိုင်းပြုလုပ်သည့် ယမ်းနှင့် ကန့်၊ ကျည်ဆံများ၊ စကားပြောစက် ၄၀ လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး သူတို့ရဲ့ထွက်ဆိုချက်တွေအရ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လုပ်ကြံတာ၊ အကြမ်းဖက်သင်တန်းအတွက် လူသစ်စုဆောင်းတာတွေကို လုပ်ကိုင်ကြောင်း သိရှိရတယ်လို့ အစိုးရကဆိုပါတယ်။
“အခြေအနေကတော့ အစိုးရအနေနဲ့ တပ်မတော်ကရော ရှင်းလင်းမှု စစ်ဆင်ရေးတွေ မလုပ်တော့ဘူး။ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ တည်ငြိမ်မှုကိုထိန်းတဲ့အချိန်မှာ ဒီလိုမျိုး ဗျူဟာနဲ့ လုပ်လာတယ်”လို့ ဦးဇော်ဌေးက သုံးသပ်ပါတယ်။
ဒါအပြင် မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်သင်တန်းစခန်းတွေ့တဲ့ တစ်နေ့ထဲမှာပဲ ကျွန်းဂေါင်းကျေးရွာမှာ Arakan Rohinja Salvation Army (ARSA) အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီ ဂျီရာ ဘူရာမန်ကို သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဦးဇော်ဌေးက ဆက်လက်ပြောကြားပါတယ်။
ARSA အဖွဲ့ကတော့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒီဒေသက ရဲတပ်ရင်းတွေ တိုက်ခိုက်ခံရမှုဟာ သူတို့ရဲ့ လက်ချက်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ Aqua Mul Mujahidin (AMM)နဲ့ Rohingya National Security Committee (RNSA) နှစ်ဖွဲ့ကို ပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။
19248050_1369115483209313_9123112702684445775_n.jpg
title=
“ရွာတိုင်း ရွာတိုင်းမှာ သင်တန်းပေးထားတာ အများကြီးဖြစ်တဲ့ အချိန်မှာ လက်နက်တပ်ဆင်ပေးလိုက်တဲ့ အချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုပေါ့၊ ဖိလစ်ပိုင်မှာ လက်ရှိကြုံနေရတဲ့ အနေအထားအထိ ဖြစ်နိုင်တယ်” လို့ လည်း ဦးဇော်ဌေးရဲ့ ရှင်းလင်းပြောဆိုမှုထဲမှာ ပါဝင်ပါတယ်။
IS လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်အဖွဲ့က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသအကြီးဆုံးမြို့ဖြစ်တဲ့ မာရာဝီမြို့ကို သိမ်းပိုက်လိုက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ မကြာသေးမီက ဖြစ်စဉ်ကို သူက ရည်ညွှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အစွန်းရောက် အကြမ်းဖက်မှုတွေဟာ နိုင်ငံတကာနဲ့ စပ်ဆက်လှုပ်ရှားနေတာဖြစ်လို့ သံတမန်ရေးအရရော၊ လုံခြုံရေးအရပါ အစိုးရက အလေးထားကိုင်တွယ်နေပါတယ်လို့လည်း ဦးဇော်ဌေးက ဆက်လက် ရှင်းပြပါတယ်။
“ပဋိပက္ခဒေသမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအရ ကြားကနေ စည်းရုံးသိမ်းသွင်းဖို့ လွယ်တယ်။ မောင်တောက အကြမ်းဖက် ခြေကုပ်ဖြစ်လာနိုင်လားဆိုပြီး ကမ္ဘာတစ်ဝှမ်းက ကျွမ်းကျင်သူတွေ လေ့လာချက်တွေ လည်းရှိပါတယ်။ ဒီအပေါ်မှာ အစိုးရအနေနဲ့ အတော်လေး အလေးအနက်ထားပါတယ်” လို့ သူက ဆိုပါတယ်။
ဒါအပြင် ပြည်တွင်းမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို ခြေကုပ်ယူခွင့်မပြုတဲ့ နိုင်ငံ့သမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းရာမှာ ပူးပေါင်းပါဝင်ကြဖို့လိုတယ်လို့လည်း ဦးဇော်ဌေးက တိုက်တွန်းခဲ့ပါသေးတယ်။
“ပြည်တွင်းမှာရှိတဲ့ ဘာသာဝင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အရေးကြီးပါတယ်။ နိုင်ငံသမိုင်းကြောင်းမှာ အကြမ်းဖက်မှု ခြေကုပ်ရအောင် အားပေးကူညီတာ မရှိခဲ့ဘူး။ အဲဒါကို ဆက်ထိန်းထားဖို့လိုပါတယ်”လို့ သူက ပြောပါတယ်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ရဲတပ်ရင်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်အထိ ဒီဒေသအတွင်းမှာ အကြမ်းဖက်ဆက်နွယ်မှုနဲ့ လူပေါင်း ၆၁၂ ယောက်ကို အစိုးရက ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။ ဒီအထဲက ၅၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အမှုရင်ဆိုင်ဆဲ ၅၃၉ ယောက်၊ အမှုရင်ဆိုင်နေစဉ် သေဆုံး ကိုးယောက်ဖြစ်ကာ ၁၃ ဦးကိုတော့ ပြစ်ဒဏ်တွေချမှတ်ပြီးဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း