ရခိုင်၌ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ကုလ လုံခြုံရေးကောင်စီ တိုက်တွန်း

ရခိုင်ပြည်နယ်တွင် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး သေချာသည့် စုံစမ်း စစ်ဆေးမှု ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပြီး ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်လည်း တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လတွင် အစိုးရလုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ခုနစ်သိန်းခန့်မှာ အိုးအိမ်များ စွန့်ခွာကာ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ထို့ပြင် စစ်ဆင်ရေးများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ် ညှင်းဆဲမှု၊ မတရားပြုကျင့်မှုနှင့် နေအိမ်များကို မီးရှို့မှုများကဲ့သို့ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ဟု ဒုက္ခသည်များက စွပ်စွဲထားကြသည်။

ထိုသို့ စွပ်စွဲမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Karen Pierce က ပြောကြားသည်။ “ပထမတစ်နည်းက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကို ဆောင်ရွက်စေဖို့ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာအစိုးရကိုယ်တိုင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လုံခြုံရေးကောင်စီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံ ခရီးစဉ်အပြီး မေ ၁ ရက်နေ့ ညနေက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှ တစ်ဆင့် နေပြည်တော်သို့ ရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။

ထို့နောက် မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ဒေသအစိုးရ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား တွေ့ဆုံချိန်တွင်လည်း လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် လိုအပ်သည့်အကြောင်းကို ပြောကြားခဲ့သည်ဟု Pierce က ပြောကြားသည်။

ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်ပါက မြန်မာအစိုးရအနေဖြင့် စစ်ဆေးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ကောင်စီအနေဖြင့် အထောက်အထားများ ပေးအပ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အပါအဝင် မည်သို့ ဆောင်ရွက်ရမည်ကို စဉ်းစားသွားမည်ဟု Pierce ကပြောကြားသည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ကူဝိတ်သံအမတ်ကြီး Mansour Ayyad Al-Otaibi က ဒုက္ခသည်များ ရခိုင်ပြည်နယ်ရှိ ၎င်းတို့နေအိမ်များသို့ ပြန်နိုင်ရန် ကောင်စီက လိုလားသော်လည်း တားမြစ်ချက်များကို မြန်မာအာဏာပိုင်များက ဖယ်ရှားမပေးပါက ၎င်းတို့ ပြန်လာနိုင်ရေး ဖြစ်လာနိုင်မည်မဟုတ်ဟု ပြောကြားသည်။

ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂ ပါဝင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတို့အကြား ဆွေးနွေးရန် လိုအပ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လိုလားတာကတော့ ကိုယ့်သဘောဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ချက်အရ မြန်မာအစိုးရအနေဖြင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို အဖြေရှာ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးသွားနိုင်ရန် ဆွေးနွေးလျက်ရှိသည်ဟုလည်း ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar