ရခိုင်အရေး ဖြေရှင်းမှု ဒေသတွင်း မွတ်စလင်နိုင်ငံများ ထောက်ခံ

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့်စပ်လျဉ်း၍ အစိုးရ၏ ဖြေရှင်းဆောင်ရွက်နေမှုများကို အာဆီယံဒေသတွင်း မွတ်စလင်နိုင်ငံများက ထောက်ခံကြောင်းနှင့် အခြေအနေများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူများက ပြောသည်။

အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သည့် အာဆီယံအဖွဲ့ဝင် ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း နိုင်ငံတို့မှ သံအမတ်ကြီးများကို ခေါ်ယူရှင်းပြခဲ့ပြီးနောက် အဆိုပါနိုင်ငံတို့က ယင်းသို့ တရားဝင် သဘောထားပေးခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်၊ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက Frontier ကို ပြောသည်။

အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခေတ္တတာဝန်ထမ်းဆောင်နေသည့် ဦးကျော်တင့်ဆွေက “တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့နေရာမှာ မလိုအပ်ဘဲ အင်အားပိုမိုမသုံးစွဲဘူးဆိုတာ ရှင်းပြထားပါတယ်”ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက “မြန်မာနိုင်ငံ၏ လွတ်လပ်ခွင့်နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် မလိုလားကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံတွင် ရှိသည့် လုပ်ပိုင်ခွင့်သာဖြစ်ပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဟု ရှုမြင်ကြောင်း၊ လူ့အခွင့်အရေးကို လက်ကိုင်ထား ဆောင်ရွက်နေသည်ကို အင်ဒိုနီးရှားနိုင်ငံက ကြိုဆိုကြောင်း” သဘောထားတင်ပြခဲ့ပြီး မလေးရှားနှင့် ဘရူနိုင်းနိုင်ငံ သံအမတ်များကလည်း တသဘောထည်းဖြစ်ကြောင်း ပြောခဲ့သည်ဟု ၎င်းက ပြောခြင်းဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံဘက်ခြမ်းတွင် အကြမ်းဖက်မှုများ လုပ်ဆောင်ပြီး နယ်မြေအတွင်းသို့ ထွက်ပြေးဝင်ရောက် လာသူနှစ်ဦးကို ဖမ်းဆီးပေးခဲ့သည့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထံမှလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမည်ဆို သော သတင်းစကား ရရှိထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က ပြောကြသည်။

သို့သော် ဖမ်းဆီးရမိသူတို့ထံမှ ရရှိသော ကနဦးစစ်ဆေးချက်များအရ သိရှိရသည့် အချက်များအပေါ် အခြေခံ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံအား ကန့်ကွက်ချက် တစ်စုံတစ်ရာ ပြုလုပ်ရန်ကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က ငြင်းဆိုလိုက်ပြီး အချက်အလက်များ ပိုမိုတိကျခိုင်မာစေရန် နှစ်နိုင်ငံပူးပေါင်း၍ စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ဆိုသည်။

“ RSOနဲ့ ပတ်သက်ပြီး အချက်အလက် ပြည့်ပြည့်စုံစုံနဲ့တောင်းဆိုရင် ဘင်္ဂလားဒေ့ရ်ှဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုထားပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျကပြောသည်။

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှာ အောက်တိုဘာ ၉ ရက်တွင် စတင်ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်၍ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပြီး ရက်သတ္တပတ် တစ်ပတ်ကျော်ကြာမြင့်ချိန်တွင် အခြေအနေများကို ထိန်းချုပ်ထားနိုင်ပြီဟု လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတို့က ထုတ်ဖော်ပြောဆိုသည်။

“ရံဖန်ရံခါ ထိတွေ့ဖြစ်စဉ်တွေ ဖြစ်ပွားပေမဲ့လည်းပဲ အဓိကကျတဲ့ မြို့ရွာ၊ တပ်ဌာနချုပ်စခန်းတွေမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခြင်း မရှိတဲ့အတွက် နယ်မြေရဲ့ လုံခြုံရေးနဲ့ပတ်သက်ရင်လည်း ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလိုပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

အစိုးရအဖွဲ့က အကြမ်းဖက်မှုများဖြစ်ပွားအပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်ဆောင်သော  ပြဿနာများ ဆက်လက်မဖြစ်ပွားစေရန်နှင့် တည်တည်ငြိမ်ငြိမ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ပထမအဆင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ထို့နောက် ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်မဖြစ်စေရန် ရေတို ရေရှည် အစီအမံများ ဆောင်ရွက်ရန်ရှိသည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့သော် လမ်းခရီးလုံခြုံရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်း လူမှုစီးပွားဘဝ တိုးတက်လာစေရေး၊  အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ယန္တရားများ လည်ပတ်နိုင်စေရေးတို့ကို အဆင့်လိုက် ဆက်လက်ဆောင်ရွက်ရန်ရှိသည်ဟု ၎င်းက အသိပေးသည်။

အဆိုပါ ဒေသများအတွင်း လူဦးရေ ရှစ်သိန်းကျော် နေထိုင်ပြီး ကျေးရွာပေါင်း ၉၀၅ ရွာရှိသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၏ စာရင်းများက ဆိုသည်။ အဆိုပါ လူဦးရေစုစုပေါင်းအနက် ရခိုင်တိုင်းရင်းသား ဦးရေမှာ တစ်သိန်းကျော်သာ ရှိသည်။

ယင်းကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်လုံခြုံရေး အားနည်းချက်များကို ဖြေရှင်းရန်ရှိပြီး အစီအမံများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူတို့က ပြောကြသည်။

အဆိုပါဖြစ်စဉ်များကြောင့် ယနေ့အချိန်အထိ ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် တပ်မတော်သား ငါးဦး ကျဆုံးခဲ့ရပြီး အကြမ်းဖက်သမား ၂၉ ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့အတူ ဖမ်းဆီးရမိသူ ၂၉ ဦးရှိပြီး စစ်တွေအကျဉ်းထောင်တွင် နှစ်ဦး၊ မောင်တော ဒေသအချုပ်ခန်းတွင် ၂၇ ဦးထားရှိကာ တရားဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

သတင်း – ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar