ရခိုင်အရေးကို နိုင်ငံတကာက အပြုသဘော ပါဝင်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြဿနာများ ရှိနေသော ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်ပြီး အပြုသဘော ပါဝင်ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စက်တင်ဘာ ၂၁ ရက်နေ့က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

အတိုက်အခံ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အကြွင်းမဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ကုလသမဂ္ဂတွင် ပထမဆုံး မိန့်ခွန်းပြောကြားခြင်းဖြစ်ကာ မြန်မာအစိုးရသစ် ဆောင်ရွက်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်ပြီး ထည့်သွင်းပြောကြားသွားသည်။

လူအဖွဲ့အစည်းနှစ်ခုကြား တင်းမာမှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးအခြေအနေ မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်သလို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်နေသည်ဟု ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင် အငြင်းပွားဖွယ် ရိုဟင်ဂျာဟူသည့် စကားလုံးကို ထည့်သွင်း ပြောကြားသွားခြင်း မရှိပေ။ သို့သော် ဘင်္ဂါလီဟု ပြည်တွင်းတွင် ခေါ်ဆိုပြီး နိုင်ငံတကာက ရိုဟင်ဂျာဟု သတ်မှတ်ခံထားရသူများ နေထိုင်နေကြသည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်ဖွဲ့စည်းကာ ဖြေရှင်းရန် ကြိုးပမ်းနေမှုကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

“ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အချို့သော အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်” ဟု အကြံပေးအဖွဲ့အား ကန့်ကွက်ဆန္ဒပြမှုများကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒါပေမယ့် ရခိုင်ပြည်နယ်မှာ သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောမှု ရရှိရေးတို့အတွက် ဆက်လက် အားထုတ်သွားဖို့ ကျွန်မတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင်ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar