ရခိုင်ပြည်နယ်မြောက်ပိုင်း တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အဆိုတစ်ခုကို ပြည်သူ့လွှတ်တော်အတွင်း သဘောထားပြောကြားကြရာမှာ တပ်မတော်သားနှစ်ဦးအကြား ရပ်တည်မှု ကွဲပြားခဲ့ပါတယ်။
ဒီအဆိုကို မှတ်တမ်းအဖြစ်သာ ထားမယ်ဆိုရင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို လွှတ်တော်က တာဝန်ယူရမယ်လို့ တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက ဆွေးနွေးခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ဒီအဆိုကို မှတ်တမ်းတင်သင့်တဲ့ အကြောင်း ပြည်သူ့လွှတ်တော်ကို တိုက်တွန်းခဲ့တာပါ။
ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက“လိုအပ်ချက်အရ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်မှာ ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့ကို လွှတ်တော်က တာဝန်ယူရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ရပ်အပေါ်မှာလည်း ဒေသခံ တိုင်းရင်းသားများနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးက အားရကျေနပ်မှာ မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့က လိုအပ်တဲ့ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေတဲ့အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတွေကလည်း မြို့မိမြို့ဖ၊ အရပ်ဖက် အဖွဲ့အစည်း၊ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးတွေကို ဆောင်ရွက်နေပါတယ်လို့ ရှင်းပြခဲ့ပြီး “အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်”လို့ ဆိုလိုက်တာပါ။
ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးရဲ့ အထက်ပါဆွေးနွေးချက် စကားရပ်ကတော့ အမတ်တွေရဲ့ ဆွေးနွေးပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဖိအားပေးတဲ့သဘောဖြစ်နေတာမို့ လွှတ်တော်ဥပဒေနဲ့ မညီဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရဲ့ သတိပေးမှုခံရပြီးတဲ့နောက် ကာယကံရှင်က သူ့ရဲ့ စကားကို ပြန်လည်ရုပ်သိမ်းပေးခဲ့ရပါတယ်။
ပြည်ထဲရေးဝန်ကြီးရဲ့ တိုက်တွန်းချက်ကိုတော့ ပြည်သူ့လွှတ်တော်အမတ်အများစုက လက်ခံခဲ့ပြီး အဆိုကို မှတ်တမ်းတင်ဖို့ အတည်ပြုပေးလိုက်ပါတယ်။
ဒီဖြစ်စဉ်ဟာ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မှာ သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးအတွင်း ပေါ်ပေါက်ခဲ့တာပါ။ ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေ တင်သွင်းတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ဘင်္ဂလီလူမျိုး အစွန်းရောက်အဖွဲ့အစည်းများ ရာဇဝတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနဲ့ အသက်အိုးအိမ်လုံခြုံရေး ထိခိုက်နေတာကြောင့် ဒေသ တွင်း ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံတွေ ချမှတ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ဆွေးနွေးဆုံးဖြတ်တဲ့ အချိန်မှာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမည်စာရင်းတင်သွင်းမှုနဲ့ ဥပဒေပြု ပြည်သူ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေထဲက တစ်ဦးဖြစ်ပါ တယ်။ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ပေးချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသူပါ။
သတင်း-ဉာဏ်လှိုင်လင်း