ရခိုင်မှာ ရွေးကောက်ပွဲ သေချာပါ့မလား

 

ရခိုင်ပြည်နယ်တွင် အေအေနှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် အကဲဆတ်သောနိုင်ငံရေးအခြေအနေတို့ကြောင့် ရခိုင်ပြည်နယ်အတွက် နောက်နှစ်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲမှာ မသေချာ၊ မရေရာမှု၊ စိုးရိမ်ထိတ်လန့်မှုများ ကြီးစိုးလျက်ရှိသည်။ 

သတင်းနှင့်ဓာတ်ပုံ-ကျော်လင်းထွန်း

တံခါးပွင့်လျက်ရှိသော ရခိုင်အမျိုးသားပါတီ ANP ရုံးချုပ်ထဲသို့ ကျွန်တော် ဝင်သွားတော့ ဧည့်ကြိုကောင်တာတွင် လူတစ်ဦးမျှ မတွေ့ရ။ မီးတွေလည်း ပိတ်ထားသည်။ သို့သော် စစ်တွေမြို့ ၊ရုံးခန်းထဲရှိ အရာအားလုံးအပေါ်တွင် ဖုန်တွေတက်နေသည်ကို အလင်းရောင်နည်းသည့်ကြားထဲမှပင် မြင်တွေ့နိုင်ပါသည်။

ကျွန်တော့်ရှေ့တည့်တည့်ရပ်နေသူမှာ ပါတီဥက္ကဌ ဦးသာထွန်းလှပင်ဖြစ်သည်။ ရှပ်အင်္ကျီမပါ၊ လမ်းပေါ်မှ ခြင်းခတ်သူလို လုံချည်ကို ခါးတောင်းကြိုက်ထားသည်။ ညနေခင်းတွင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နေခြင်းဖြစ်သည်။ သူ့တပည့်နှစ်ယောက်က ဘေးမှ ရပ်ကြည့်နေသည်။ တစ်ရုံးလုံးတွင် သူတို့သုံးဦးကိုသာ တွေ့ရပါသည်။

ကျွန်တော်က အင်တာဗျူးပါရစေဟု ပြောသောအခါ သူက တိုက်ပွဲနေရာတွေမှ ယခုပင် ပြန်ရောက်ကာစဖြစ်၍ ခရီးပန်းနေကြောင်း ပြောပြီး မနက်ဖြန်နံနက်မှ လာပါရန်ပြောပါသည်။ ကျွန်တော်ပြန်ထွက်လာခဲ့ပြီး သူလေ့ကျင့်ခန်း ဆက်လုပ်လျက် ကျန်ခဲ့ပါသည်။

တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့လုနီးပါးဖြစ်နေသော ANP ပါတီရုံးချုပ်ကို မြင်တွေ့ရသည်မှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ ကျွန်တော်ရောက်ခဲ့စဉ်က အခြေအနေနှင့် ကွာခြားလှပုံကို ပြန်၍သတိရပါသည်။ ထိုအချိန်က ANP ရုံးမှာ လှုပ်ရှားတက်ကြွနေသော လူတွေနှင့် ပြည့်နေသည်။

လူတွေမှာလည်း အကောင်းမြင် မျှော်လင့်ချက်အပြည့်နှင့်။ ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ထက်ဝက်နီးပါးကို ANP ကရရှိခဲ့ပြီး အောင်ပွဲခံခဲ့သည်။ 

ခေတ်ကာလအခြေအနေက ပြောင်းလဲခဲ့ပြီး  လေးနှစ်ဆိုသော အချိန်ကာလအတွင်း မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်လို အလှည့်အပြောင်းကြီးသည့်နေရာ ရှိအံ့မထင်ပေ။ သွေးထွက်သံယိုဖြစ်မှု၊ ဆူပူသောင်းကျန်းမှု၊ လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲခံရမှု၊ ပြည်နယ်၏ နိုင်ငံရေးခေါင်းဆောင် ထောင်ချခံရမှု၊ ပြည်နယ်၏ အဓိကပါတီကြီး နှစ်ခြမ်းကွဲသွားခဲ့မှုတို့နှင့် ကြုံခဲ့ရသည်။

ဤအဖြစ်အပျက်များက ရခိုင်ပြည်နယ်၏ နိုင်ငံရေး အရွေ့ကို လှုပ်ခါစေခဲ့ပြီး နောက်နှစ်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအပေါ် အရိပ်ထိုးစေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလိုပင် နိုင်ငံသားမဟုတ်သော ရိုဟင်ဂျာမူဆလင်များ မဲပေးခွင့် ရကြမည်မဟုတ်။ အချို့ကတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမှ ကျင်းပဖြစ်တော့မလား ဟု မေးခွန်းထုတ်သည်။

တိုက်ပွဲတွေကြောင့် နေရာအချို့မှာတော့ ရွေးကောက်ပွဲကျင်းပဖြစ်မည်မထင်ပေ။ မကြာမီက စစ်တွေနှင့် ရခိုင်မြို့နယ်အချို့သို့ ရောက်ခဲ့ရာ ရွေးကောက်ပွဲဆိုတာ ရခိုင်တွေ စိတ်ထဲတွင် မရှိကြ။ သူတို့စိတ်ထဲတွင် အေအေနှင့် တပ်မတော်ကြား ကတိုက်ပွဲများနှင့် ထိုပဋိပက္ခကြောင့် ဖြစ်လာသော လူမှုရေးနှင့် စီးပွားရေးသက်ရောက်မှုများကသာ ဖိစီးနေသည်။

အရပ်ဖက်အဖွဲ့အစည်းဖြစ်သော ရခိုင်တိုင်းရင်းသား ကွန်ဂရက် REC ကို ပူးတွဲတည်းထောင်သူနှင့် အတွင်းရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်ထွန်းက ရခိုင်လူထုမှာ ၂၀၁၅ ကတည်းကပင် ပါတီနှင့် နိုင်ငံရေးအပေါ် အယုံအကြည်မရှိကြတော့ဟု ပြောပါသည်။ 

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ရခိုင်တိုင်းရင်းသားပါတီများက ပြည်နယ်လွှတ်တော်တွင် အမတ်နေရာအများဆုံးရခဲ့ပါသော်လည်း ပြည်နယ်အစိုးရဖွဲ့ခွင့် မရခဲ့ကြသဖြင့် စိတ်ပျက်ခဲ့ကြရကြောင်းပြောပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က မရွေးရဘဲ နိုင်ငံတော်သမ္မတကသာ ရွေးချယ်ခန့်အပ်ပိုင်ခွင့်ရှိသည်။

၂၀၁၈ စောစောပိုင်းတွင် ANP ခေါင်းဆောင် ဒေါက်တာအေးမောင်ကို ဖမ်းဆီးပြီး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်အနှစ် ၂၀ ချလိုက်ရာ ရခိုင်လူထုအတော်များများအား ရခိုင်စစ်တပ် အေအေကို ပြောင်းလဲထောက်ခံအောင် လုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

နိုင်ငံရေးအပေါ် လူတွေ၏ ယုံကြည်မှု မှေးမိန်လာချိန်တွင် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ လူအများ၏ အာရုံမှာ လက်နက်ကိုင်တော်လှန်ရေးသို့ ပြောင်းသွားခဲ့သည်။ အထူးသဖြင့် လူငယ်များအကြားတွင် အေအေအပေါ် ထောက်ခံမှု အတော်ပင်မြင့်မားသည်ဟု ဇော်ဇော်ထွန်းက ပြောပါသည်။

ဇွန်နှင့် ဇွန်လိုင်လအတွင်းက International Republican Institute သည် နိုင်ငံတစ်ဝှမ်း စစ်တမ်းကောက်ယူကြည့်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း မကျေနပ်မှုမြင့်တက်နေပုံကို ထိုစစ်တမ်းရလဒ်က ဖော်ပြနေသည်။ နိုင်ငံ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေသည်ဟု ဖြေကြားသူ ၆၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံစီးပွားရေးအခြေအနေ ဆိုးဝါးနေသည်ဟု ဖြေကြားသူ ၂၆ ရာခိုင်နှုန်းရှိသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီးများအား  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးရန်၊ သယံဇာတများအား ပိုမိုထိန်းချုပ်ခွင့်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်များကို နေပြည်တော်မှ ရွေးချယ်ခန့်ထားခြင်းမပြုဘဲ ပြည်နယ်၊ တိုင်းလွှတ်တော်များက ရွေးချယ်တင်မြှောက်ခွင့်ပြုရန် ရခိုင်ပြည်နယ်မှ ဖြေကြားသူများက ထောက်ခံကြသည်။

ပြဿနာ ၁၆ မျိုးအနက် တိုင်းရင်းသားလူမျိုးစု ပဋိပက္ခပြဿနာကို ထိပ်ဆုံး သုံးနေရာတွင် ထားသော ပြည်နယ်မှာ ရခိုင်ပြည်နယ်တစ်ခုတည်းသာရှိကြောင်း IRI လေ့လာစမ်းစစ်မှုတွင် တွေ့ရှိရသည်။

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ အပြောင်းအလဲတွင် တတိယမြောက်ဖြစ်သော အထွေထွေရွေးကောက်ပွဲကို နောက်နှစ်တွင် ကျင်းပတော့မည်။ ရခိုင်ပြည်နယ်တွင် ဤဖြစ်ရပ်များကြောင့် ၂၀၂၀ လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲရလဒ်မည်သို့ ထွက်ပေါ်လာမည်ကို လေ့လာဆန်းစစ်သူတို့ စဉ်းစားသုံးသပ်နေကြသည်။

img_0718.jpg

AFP ရုံးခန်းအတွင်းရှိ ဒေါက်တာအေးမောင်ပုံ။ ဓာတ်ပုံ-ကျော်လင်းထွန်း

အချိန်နီးကပ်လာနေပြီ

ရွေးကောက်ပွဲကျင်းပနိုင်ပါ့မလား။  အေအေနှင့် တပ်မတော်အကြား တိုက်ပွဲများပြင်းထန်လာနေသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သည် ရခိုင်မြောက်ပိုင်းနှင့် အလယ်ပိုင်း သို့မဟုတ် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲများ မပြုလုပ်ဘဲ ထားမည်လားဟု တွေးဆချက်များရှိနေကြသည်။ 

လူထုတွေဟာ သူတို့ရဲ့ မဲပေးပိုင်ခွင့်ကို ကျင့်သုံးနိုင်ပါ့မလားဆိုတာ မသေချာမရေရာတော့ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှု နည်းလာကြတယ်ဟု ANP ဥက္ကဌဖြစ်သူ ဦးသာထွန်းလှ က ပြောပါသည်။

“ရွေးကောက်ပွဲက ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာ ပြောဖို့ခက်ပါတယ်၊ နေရာတိုင်းလုပ်မှာလား အချို့နေရာတွေမှာပဲ လုပ်မှာလား၊ လုံးဝပဲ ဖျက်သိမ်းလိုက်မှာလား ရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပပါမည်လို့ တိတိလင်းလင်းကတိပေးဖို့ လိုပါသေးတယ်” ဟု ဦးသာထွန်းလှက Frontier ကို ပြောပါသည်။

UEC ပြောခွင့်ရ ဦးမြင့်နိုင်ကတော့ ရခိုင်ပြည်နယ်မှာ နောက်နှစ်မှာ ရွေးကောက်ပွဲကျင်းပနိုင်အောင် အစီအစဉ်များ လုပ်နေကြောင်း ပြောသည်။

“ရခိုင်ပြည်နယ် မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပြီးပါပြီ။”ဟု သူကပြောသည်။

ပြည်နယ်နေရာအချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် UEC က ဘယ်လိုလုပ်မှာလဲဆိုသော မေးခွန်းကိုတော့ သူက မဖြေချေ။ 

“ကော်မရှင်ကို ဝေဖန်နေကြတာတွေကို ကျွန်တော် ဘာမှ ပြန်မပြောလိုပါဘူး၊ ကျွန်တော်တို့ အစီအစဉ်တွေ လုပ်ပြီးပါပြီ ဆိုတာပဲ ပြောချင်ပါတယ်” ဟု သူက ပြောပါသည်။

“မဲဆန္ဒနယ်တစ်ခုမှာ တခြားနေရာတွေ မဖျက်သိမ်းဘဲ၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲ ဖျက်ရပြီး လွှတ်တော်နေရာအချို့ ချန်ထားခဲ့ရရင်တောင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ပါတယ်” ဟု ANP တာဝန်ရှိသူများက ပြောကြပါသည်။

“ကျွန်တော်တို့ကို ထောက်ခံမှု အများဆုံးနေရာတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်မှာ ကျွန်တော်တို့ အစိုးရိမ်ဆုံးပါပဲ” ဟု မြောက်ဦးမြို့နယ် ANP ပါတီဥက္ကဌ ဦးဦးထွန်းလှိုင် ကပြောပါသည်။ မြောက်ဦးသည် ယခုနှစ်စောစောပိုင်းမှစ၍ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သော မြို့နယ်ပင်ဖြစ်ပါသည်။

“တိုက်ပွဲဖြစ်နေတဲ့အပေါ် မူတည်ပြီး ရွေးကောက်ပွဲတွေ ဖျက်မယ်ဆိုရင်တော့ ရွေးကောက်ပွဲကို မထိခိုက်နိုင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေက အလွန်ဝေးကွာလှမ်းပြီး မဲဆန္ဒရှင်တွေ သိပ်များများစားစားမရှိတဲ့ နေရာတွေဖြစ်လို့ပါပဲ”ဟု သူကပြောသည်။
ဆက်လက်ပြီး “ဥပမာအားဖြင့် မြောက်ဦးမှာဆိုရင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းလောက် ရွေးကောက်ပွဲလုပ်လို့ ရပါတယ်၊ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းမှာက လူနည်းနည်းလေးပဲ ရှိတာပါ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ တခြားမြို့နယ်တွေမှာလဲ ဒီအတိုင်းပါပဲ” ဟု သူက ဆိုသည်။

အရပ်ဖက်အဖွဲ့အစည်းများကတော့ ရခိုင်နှင့်အခြားပြည်နယ်များတွင် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ တတ်နိုင်သမျှ ချောချောမွေ့မွေ့ဖြစ်အောင် ကြိုးစားလုပ်ကိုင်နေကြပါသည်။ ရွေးကောက်ပွဲနေ့မတိုင်မီ လအနည်းငယ်ကြို၍ တပ်မတော်နှင့် အေအေတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူကြလိမ့်မည်ဟု CSO အချို့ မျှော်လင့်နေကြသည်။ ဒီလိုဖြစ်လာခဲ့လျှင် မဲလာပေးသူ အရေအတွက်လည်း များလာနိုင်သည်။

ပြည်သူ့နီတိနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ရန်ကုန်အခြေစိုက် New Myanmar Foundation ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်မြနန္ဒာသင်းက ရခိုင်မှာ အဓိကပါဝင်ပတ်သက်နေသူတွေဟာ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဗျူဟာတွေကို ဝိုင်းဆွေးနွေးသင့်ပါတယ်” ဟု ပြောပါသည်။

“ရခိုင်မှာ မဲပေးပွဲတွေကို ဖျက်သိမ်းဖို့ အကြောင်းပြချက်တွေကို ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ ကြေညာချက်မထုတ်ကြဖို့ သိပ်အရေးကြီးပါတယ်” ဟု ဒေါ်မြနန္ဒာသင်းက ပြောသည်။ သူမသည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု အတွေ့အကြုံ ၁၀ နှစ်လောက် ရှိခဲ့သူဖြစ်သည်။ 

“လူတွေ အုပ်စုတွေကြားမှာ အတွေးအမြင်အယူအဆ ကွဲပြားမှုရှိကြမှာ ဓမ္မတာပါပဲ၊ ဒါပေမဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် အောင်မြင်ဖို့ကတော့ အားလုံးမှာ တာဝန်ရှိပါတယ်၊ ဒါဟာ ကျမတို့ ဒီမိုကရေစီ ရှင်သန်နေဖို့အတွက်သိပ်အရေးကြီးလို့ပါ” ဟု Frontier  ကို ပြောသည်။ 
မသေချာ မရေရာမှုများနှင့် လူထု၏ စိတ်ဝင်စားမှု လျော့နေသည်ဟု ယူဆရသည့်ကြားမှပင် မိမိတို့ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ကျင်းပလျှင် မဲသွားပေးမည်ဟု ကြံရွယ်ထားကြသူ လူထုများစွာတွေ့ရသည်။

ရခိုင်ပြည်နယ်မှ IRI စစ်တမ်းကို တုန့်ပြန်ဖြေကြားသူများ ကြားထဲမှ ၆ ရာခိုင်နှုန်းကသာလျှင် သူတို့ မဲသွားပေးမည်မဟုတ်ဟု ဖြေကြသည်။ သို့မဟုတ် ဖြေဖို့ငြင်းဆိုကြသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အနိမ့်ဆုံး အချိုးအစားတွင် ပါဝင်သူများဖြစ်ပေသည်။

img_0772.jpg

ANP ဥက္ကဌဖြစ်သူ ဦးသာထွန်းလှ(ဓာတ်ပုံ-ကျော်လင်းထွန်း)

ခေတ်ရေစီးအားသွေဖီခွဲထွက်ခြင်း

တိုင်းရင်းသားပါတီအချို့ ပေါင်းစည်းလာကြချိန်တွင် ရခိုင်ပြည်နယ်က ရခိုင်နိုင်ငံရေးအင်အားစုများက ပါတီသစ်များအဖြစ် ကွဲထွက်နေသည်။ ယင်းအခြေအနေက နိုင်ငံရေးအခင်းအကျင်းတွင် မရေရာမှုအတိုင်းအတာသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီး ရွေးကောက်ပွဲရလဒ်များကို ခန့်မှန်းရာတွင် ခက်ခဲစေမည်ဖြစ်သည်။

ရခိုင်တွင် ပြည်နယ်အခြေစိုက် ပါတီ ၁၁ ခုရှိပြီး ယင်းတို့အနက် လေးခုမှာ ရခိုင်တိုင်းရင်းသားအများစု၏ ရည်မှန်းချက်များကို ကိုယ်စားပြုပြီး ခုနှစ်ခုမှာ မြို၊ ခမီနှင့် ဒိုင်းနက်ကဲ့သို့ ပြည်နယ်ရှိ တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသည်။

ရခိုင်တိုင်းရင်းသားပါတီများသည် ၁၉၉၀ခုနှစ်ကတည်းက အားကောင်းစွာလှုပ်ရှားနေခဲ့ပြီး ထိုစဉ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က အမတ်နေရာ ၁၁ နေရာရရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာအရ တတိယအကြီးဆုံးပါတီဖြစ်ခဲ့သည်။ ALD သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ဦးအေးမောင်ဦးဆောင်သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကပြည်နယ်လွှတ်တော်တွင် အမတ် ၁၈ နေရာရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင်လည်း အမတ် ၁၆ နေရာရရှိသည်။ ဦးသိန်းစိန်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ပြီးနောက် ALD သည် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ANP ကိုဖွဲ့ရန် RNDP နှင့် ပူးပေါင်းခဲ့သည်။

ရခိုင်အမျိုးသားပါတီ ANP သည် ၂၀၁၅ တွင် အင်အားကြီးမားသည့် ပါတီဖြစ်ခဲ့ပြီး အဖွဲ့ဝင် ၄၇ ဦးရှိသည့် ပြည်နယ်လွှတ်တော်တွင် ၃၅ ဦးအရွေးခံရာ ၂၂ ဦးက အနိုင်ရခဲ့သည်။ ၎င်းပါတီက ကိုးနေရာအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကြံ့ခိုင်ရေးပါတီတို့ကို အပြတ်အသတ်အနိုင်ရခဲ့သည်။

ထို့အပြင် ANP သည် ပြည်ထောင်စုလွှတ်တော်တွင်လည်း ၂၂ နေရာအနိုင်ရခဲ့သည်။သို့သော်လည်း ရွေးကောက်ပွဲပြီးမကြာမီ အက်ကြောင်းများ စတင်ပေါ်လာခဲ့သည်။ ALD မှ ဦးအေးသာအောင်သည် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌရာထူးကို လက်ခံလိုက်ရာ မိမိတို့ပါတီဝင်တစ်ဦးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် NLD ကသဘောမတူမချင်း NLD နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဆိုသည့် ANP ၏ပေါ်လစီနှင့် သိသိသာသာဆန့်ကျင်လျက်ရှိသည်။ ယင်းအတွင်းပဋိပက္ခမှာ နောက် ၁၈လအထိဆက်လက်တည်ရှိခဲ့ပြီး ဦးအေးမောင် ပါတီမှ နုတ်ထွက်ခဲ့သည့် ၂၀၁၇ နိုဝင်ဘာလအထိ ကြာရှည်ခဲ့သည်။

နောက်ထပ်ဇာတ်လမ်းတစ်ခုလည်းရှိသေးသည်။ ဗမာများကြီးစိုးသော NLD သည် ရခိုင်ပြည်သူများကို ကျွန်ကဲ့သို့ ဆက်ဆံနေသည်ဟု ရသေ့တောင်မြို့နယ်တွင် လူထုကိုပြောသည့်မိန့်ခွန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု စွပ်စွဲခံရကာ နောက်နှစ် ဇန်နဝါရီတွင် ဦးအေးမောင် အဖမ်းခံရသည်။

၁၇၈၄ တွင် ရခိုင်ဘုရင့်နိုင်ငံ ဗမာကုန်းဘောင်မင်းဆက်ထံ ကျဆုံးခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွင် ၎င်းက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းရှုံးနိမ့်မှုက ရခိုင်တိုင်းရင်းသားများကြား မခံချင်စိတ်ဖြင့် လှုပ်ရှားတက်ကြွမှု၏ လက္ခဏာတစ်ရပ်အဖြစ် ရခိုင်ဘုရင့်နိုင်ငံမြို့တော် မြောက်ဦးတွင် နောက်ရက်အနည်းငယ်ပြုလုပ်သည့် နှစ်ပတ်လည်အထိမ်းအမှတ် လူစုလူဝေးမှာ အကြမ်းဖက်အသွင်ပြောင်းသွားခဲ့ရာ လူအုပ်ထဲသို့ ရဲတပ်ဖွဲ့က ပစ်ခတ်ရာက လူကိုးဦးသေဆုံးခဲ့သည်။

မတ်လတွင် ဦးအေးမောင်တွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ပြီးနောက် နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနှင့် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သည်။ ဦးအေးမောင်နှင့်အတူ မိန့်ခွန်းပြောခဲ့သည့် ရခိုင်စာရေးဆရာဝေဟင်အောင်လည်း အလားတူပြစ်မှုများဖြင့် ထောင်ဒဏ်အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရသည်။

ရသေ့တောင်တွင် ၎င်းတို့နှစ်ဦးသည် အေအေကို ထောက်ခံကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း မတရားသင်းအက်ဥပဒေချိုးဖောက်မှုဖြင့် ၎င်းတို့ကို စွဲဆိုထားသည့် စွဲချက်များကို ပယ်ဖျက်ပေးခဲ့သည်။ ဦးအေးမောင်သည် ၎င်းအမှုအတွက် အထူးအယူခံမှုမှ ရလဒ်ကို စောင့်ဆိုင်းလျက်ရှိသည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးရာသီဥတုအခြေအနေမှာ ၎င်းအားဖမ်းဆီးထောင်ချလိုက်ခြင်းကြောင့် ပို၍ဆိုးဝါးခဲ့သည်ဟု ရခိုင်နိုင်ငံရေးသမားအများအပြားက ဖရန်တီယာကို ပြောသည်။ သို့သော် ဦးအေးမောင် ထောင်ကျသွားသော်လည်း သူ၏နိုင်ငံရေးသြဇာမှာ မှေးမိန်သွားဟန်မရှိပေ။ ၎င်းသည် တရားခွင်ရင်ဆိုင်နေစဉ်မှာပင် ရခိုင့်ဦးဆောင်ပါတီ (AFP) ကို တည်ထောင်ရန် လျှောက်ထားခဲ့သည်။ ယင်းပါတီသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ဇန်နဝါရီလက တရားဝင်မှတ်ပုံတင်ခဲ့သည်။

ထိုစဉ်မှာပင် ၎င်းသားဖြစ်သူ ဦးတင်မောင်ဝင်းသည် ပြည်နယ်လွှတ်တော် အမတ်နေရာတစ်ခုအတွက် ၂၀၁၈ နိုဝင်ဘာက ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်ခဲ့ရာ ANP မှ ပြိုင်ဘက်ကို မဲရာခိုင်နှုန်း ၈၀ ဝန်းကျင်ဖြင့် အလွယ်တကူအနိုင်ရခဲ့သည်။ ထို့နောက် ဦးတင်မောင်ဝင်းသည် ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် AFP သို့ ဝင်ရောက်ခဲ့သည်။

ဦးအေးမောင်သည် ရခိုင်နိုင်ငံရေးတွင် အရေးပါသောကဏ္ဍကရှိနေသည်ဟု AFP တည်ထောင်သူတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေက ပြောသည်။
ရခိုင်ပြည်သူတွေကြားမှာတော့ သူက ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပါ။ ဒါပေမဲ့ မိန့်ခွန်းတစ်ခုပြောတဲ့အတွက် ဖမ်းဆီးခံရပြီး ထောင်နှစ် ၂၀ချမှတ်ခံရကတည်းက ပါတီနိုင်ငံရေးမှာ ပြည်သူတွေရဲ့ ယုံကြည်မှုက မှေးမိန်နေတယ် ဟုဦးအောင်သန်းဝေက ဖရန်တီယာသို့ပြောသည်။

“ဒီဟာရဲ့အကျိုးဆက်ကတော့ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံမှုက ကြီးထွားလာတယ်” ဟု အေအေကို ရည်ညွှန်းကာ ၎င်းကပြောသည်။ 

ရခိုင်ပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအိပ်မက်ကို အကောင်အထည်ဖော်ရန် တိုက်ပွဲဝင်ခြင်းဖြစ်သည်ဟု အေအေက ပြောကြားလျက်ရှိသည်။

img_0758.jpg

ဓာတ်ပုံ-ကျော်လင်းထွန်း

အကွဲအပြဲရဲ့နောက်
 

နိုင်သူအကုန်ယူ ရွေးကောက်ပွဲစနစ်အောက်တွင် ANP နှင့် AFP တို့က ရခိုင်တိုင်းရင်းသားတို့၏ မဲကို ကွဲစေမည့်ဖြစ်နိုင်ချေနှင့် ရခိုင်တိုင်းရင်းသားအချို့ မဲမပေးဘဲနေနိုင်သည့် အလားအလာနှင့် နှစ်ဆဖြစ်နေခြင်းတို့က NLD နှင့် ကြံ့ခိုင်ရေးတို့ကဲ့သို့ အမျိုးသားပါတီကြီးများ၏ အောင်နိုင်မှုအလားအလာမှာ မြင့်မားလာနိုင်သည်။

အယ်န်အယ်လ်ဒီသည် ရခိုင်တောင်ပိုင်းတွင် နောက်တစ်ကြိမ် အားကောင်းမည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ရခိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် အဖွဲ့ချုပ် သို့မဟုတ် ကြံခိုင်ရေး တို့အနက် မည်သည့်ပါတီမှ အနိုင်ရမည်ဟု မယုံကြည်ကြောင်း ဖရန်တီယာက မေးမြန်းခဲ့သူများက ပြောသည်။ 

ပြည်သူ ၆၅,၀၀၀ ခန့်ကို နေရပ်စွန့်ခွာထွက်ပြေးစေခဲ့ပြီး အရပ်သားများစွာသေဆုံးစေခဲ့သည့် အေအေကိုအပေါ်ဆင်နွှဲခဲ့သည့် တပ်မတော်၏ သွေးထွက်သံယိုစစ်ဆင်ရေးကလည်း ဗဟိုအစိုးရနှင့်ဗမာတိုင်းရင်းသားများအပေါ် ရခိုင်လူထုက ဒေါသထွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအပြီး ANP ကပြည်နယ်လွှတ်တော်တွင် NLD ထက်နေရာနှစ်ဆကျော်ရရှိသော်လည်း ရခိုင်ဝန်ကြီးချုပ်ရာထူးကို NLD က ၎င်းတို့အမတ် ဦးညီပုကိုသာ ခန့်အပ်ခဲ့သည့်အပြင် ဦးအေးမောင်ကိုလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခဲ့သောကြောင့် ရခိုင်အများအပြားက ဒေါသထွက်နေဆဲဖြစ်သည်။

မဲပေးသူအရေအတွက်က ကျဆင်းဦးမဲ့အပြင် မဲကလည်းကွဲအုံးမယ်။ ဒါပေမဲ့ ရခိုင်ပါတီတွေကတော့ NLD ဒါမှမဟုတ် ကြံခိုင်ရေးရဲ့ရှေ့မှာ ရှိနေအုံးမှာပဲ။ ဒါနဲ့ပတ်သက်လို့တော့ အတော်လေးယုံကြည်ပါတယ် ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ကိုဇော်ဇော်ထွန်းက ပြောသည်။
ထို့နောက် အမတ်နေရာအများစုအတွက် ယှဉ်ပြိုင်မှုမှာ ANPနှင့် AFP ကြားဖြစ်နိုင်သည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးကို ဆန့်ကျင်သည့် ပါတီယန္တရားတိုက်ပွဲတစ်ခုဖြစ်လိမ့်မည်။ ANP တွင် ရုံးခန်းများ၊ အတွေ့အကြုံရှိ အမတ်လောင်းများအပါအဝင် လေးနက်သည့် နိုင်ငံရေးပါတီတစ်ခု၏ အခြေခံအဆောက်အအုံအားလုံးရှိသည်။ ထို့အပြင်အရန်သင့်ဖြစ်နေသည့် ကြီးမားသည့် အဖွဲ့ဝင်များ၊ ဗော်လံတီယာအုပ်စုတစ်ခုလည်း ရှိနေဟန်တူသည်။

အဖွဲ့အစည်းမှခွဲထွက်သည့်အတွက် မဲပေးသူများက AFP ကို အပြစ်ပေးလိမ့်မည်ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။ 

“ကျနော်သေချာပေါက်ပြောနိုင်တာကတော့ ပြည်သူတွေအားထားနေတဲ့ ပါတီကြီးတစ်ခုကနေ ခွဲထွက်ပြီး ပါတီသစ်ထောင်တဲ့ နိုင်ငံရေးသမားတချို့ကို ရခိုင်ပြည်သူတွေက မကြိုက်ပါဘူး” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်သူတွေအနေဖြင့် မဲပေးသည့်အခါ အမျှော်အမြင်ရှိသည့် ရွေးချယ်မှုတစ်ခုပြုလုပ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးသာထွန်းလှက ဆိုသည်။ ဘယ်ပါတီကို ရွေးရမယ်ဆိုတာ သူတို့တိတိကျကျသိပါတယ်။ ၂၀၁၅ တုံးကလိုပဲ ၂၀၂၀ရွေးကောက်ပွဲမှာ ANP ပဲအနိုင်ရမယ်လို့ ကျနော်ယုံကြည်ပါတယ် ဟု၎င်းကပြောသည်။

ထိုစဉ်က  AFP မှာ ပေါ်ထွန်းစအဆင့်မှာသာရှိသေးသည်။ ၎င်းတွင် ယခင်ကနှင့်စာလျင် အဖွဲ့ဝင်အနည်းအကျင်းနှင့် ရုံးခန်းလက်တစ်ဆုပ်စာသာရှိသေးသည်။ ၎င်း၏ စီအီးစီများထဲမှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေအထွေအတွင်းရေးမှူးတို့ကိုလည်း မရွေးချယ်ရသေးပါ။

သို့သော်လည်း ပါတီတွင် ပြည်နယ်၏ အသိအမှတ်အပြုခံရဆုံး ဦးအေးမောင်ရှိနေသည်။ အကယ်၍ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းက ဦးဆောင်လမ်းပြတစ်ဦးဦး၏သမိုင်းဖြစ်နေလျင် တစ်ဦးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးက လာမည့်နှစ် ပြည်သူများမဲပေးချိန်တွင် လွန်စွာခရီးရောက်နေဦးမည်ဖြစ်သည်။

ရသေ့တောင် မဲဆန္ဒနယ်-၂တွင် ဦးတင်မောင်ဝင်း၏ ၂၀၁၈ အောင်ပွဲက ဦးအေးမောင်၏ မဲရလဒ်အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်း၏ အလားအလာကို မီးမောင်းထိုးပြလျက်ရှိသည်။ ဦးတင်မောင်ဝင်း၏ တခဲနက်အောင်မြင်မှုသည် များသောအားဖြင့် ဖခင်ဖြစ်သူ ဦးအေးမောင်ကို ထောက်ခံမှုအပေါ် အခြေတည်သည်။

ဦးအေးမောင်ကို ထောက်ခံမှုအပေါ်အခြေပြုလျက် AFP သည် လာမည့်နှစ်တွင် အားကောင်းစွာစွမ်းဆောင်နိုင်လိမ့်မည် ယုံကြည်ကြောင်း ဦးတင်မောင်ဝင်းက ၎င်း၏ပါတီရုံးခန်းတွင် ရှားရှားပါးပါးပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ကို ထောက်ခံတဲ့သူတွေရဲ့ နိုင်ငံရေးအသိကို ကျနော်တို့ အပြည့်အဝယုံကြည်ပါတယ်။ သူတို့က ဘယ်ပါတီကို မဲပေးရမည်ဆိုတာ တိတိကျကျသိပါတယ်။ AFP ဆိုတာ ဦးအေးမောင်ရဲ့ ပါတီဆိုတာ လူတိုင်းသိပါတယ်” ဟု ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။

ခေါင်းစီးဓာတ်ပုံ-ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်း(ညာ)နှင့်ပါတီဝင်ဦးအောင်သန်းဝေတို့အား စစ်တွေမြို့ရှိ ပါတီရုံးချုပ်တွင်တွေ့ရစဉ်။ဓာတ်ပုံ- ကျော်လင်းထွန်း
 ဦးကိုကိုနှင့်အောင်ကျော်ဦး ဘာသာပြန်သည်။
 

 

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar