ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းခွဲခန့်အထိ ရှိလာ

ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် အိုးအိမ်များကို စွန့်ခွာထွက်ပြေးလာရသည့် ဒုက္ခသည် တစ်သိန်းခွဲခန့်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

သြဂုတ် ၂၅ ရက်နေ့က စတင်ကာ မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် Arakan Rohingya Salvation Army (ARSA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ၁၂၅,၀၀၀ နီးပါးမှာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်ဟု စက်တင်ဘာ ၅ ရက်နေ့တွင် ကုလသမဂ္ဂက ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

ထိုအထဲမှ ၃၇,၀၀၀ ခန့်မှာ ၂၄ နာရီအတွင်း ရောက်ရှိလာကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ထိုအရေအတွက်မှာ တိုက်ခိုက်မှုများ စတင်ချိန်က စတင်ပြီး တစ်နေ့ထဲတွင် အများဆုံး ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူအများစုမှာ ရိုဟင်ဂျာဟု နိုင်ငံတကာက ခေါ်ဝေါ်ကြသည့် မူဆလင်ဘာသာဝင်အများစုဖြစ်ကြသည်။

ထို့ပြင် မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ တိုက်ခိုက်မှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ တိုင်းရင်းသား ၂၆,၇၄၇ ဦးရှိသည်ဟု သိရသည်။

“အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိသည်” ဟု သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အစိုးရအနေဖြင့် ထိုသို့ထွက်ပြေးလာသူများအား ကူညီထောက်ပံ့များကို ထိရောက်သောအစီအမံများ ချမှတ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) နှင့် အတူအကွ လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

“နေရပ်စွန့်ခွာရသူများအား ကူညီထောက်ပံ့မှုများပေးအပ်ရာတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ခြင်းဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှုမရှိဘဲ ပြည်တွင်း ပြည်ပ အလှူရှင်များမှ ပူးပေါင်းပါဝင် ကူညီထောက်ပံ့နိုင်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နေရာများတွင် စားနပ်ရိက္ခာထောက်ပံ့မှုများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရပ်ဆိုင်းထားပြီးဖြစ်သည်။

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ်က စတင်ပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသော မူဆလင်အများစုဖြစ်သည့် လူပေါင်း ၁၂၀,၀၀၀ ခန့်မှာ အဆိုပါစားနပ်ရိက္ခာအကူအညီကိုသာ မှီခိုနေကြရသည်။

“လုံခြုံရေးအခြေအနေကြောင့် WFP က ရခိုင်ပြည်နယ်တွင်းမှာ ဆောင်ရွက်နေတဲ့ ကူညီရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားလိုက်သည်” ဟု WFP က စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ ရပ်ဆိုင်းထားမှုက နေရပ်ရွှေ့ပြောင်းနေထိုင်သူရသူများနှင့် အခြားထိခိုက်လွယ်သူ ၂၅၀,၀၀၀ အပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွက် WFP အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထောက်ပံ့ထားသည့် စားနပ်ရိက္ခာနှင့် ပစ္စည်းများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်နေသည့် ARSA လက်ထဲသို့ ရောက်ရှိသွားမှုများရှိနေသည်ဟု အစိုးရနှင့် တပ်မတော်တို့က ပြောကြားမှုများလည်း ရှိနေသည်။

သြဂုတ် ၂၅ ရက် နံနက်စောစောအချိန်တွင် မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်အား ARSA က တစ်ချိန်တည်း အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါနယ်မြေအား စစ်ဆင်ရေးနယ်မြေအဖြစ် အစိုးရက သတ်မှတ်ထားပြီးလည်းဖြစ်ကာ ARSA ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၂၅-၈-၂၀၁၇ ရက်နေ့ မှ ၅-၉-၂၀၁၇ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့များ ထိတွေ့ တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရသည်” ဟု သတင်းထုတ်ပြန်ရေးကော်မတီက ကြေညာထားသည်။

ထို့ပြင် “ဒေသခံတိုင်းရင်းသား ၁၄ ဦး၊ ဒေသခံဟိန္ဒူဘာသာဝင် ၇ ဦး၊ ဘင်္ဂလီ ၇ ဦး၊ စုစုပေါင်း၂၈ဦး သေဆုံးခဲ့ရသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်အရ ARSA ၃၇၁ ဦးကို အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar