ရခိုင်မြောက်ပိုင်းရှိ ရွာပျက်များတွင် ဝင်ရောက်နေထိုင်သူများကို ပြောင်းရွှေ့ခိုင်း

ဖဒူ ထွန်းအောင်/Myanmar Now

ပြီးခဲ့သည့်နှစ် ပဋိပက္ခများအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည့် ရခိုင်မြောက်ပိုင်းနေ မူဆလင်တို့၏ ကျေးရွာပျက်များတွင် ရွာသစ်တည်ကာ ဝင်ရောက်အခြေချကြသည့် ရခိုင်တိုင်းရင်းသားများကို အစိုးရက ဖယ်ရှားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မူဆလင်ရွာများအနက်မှ အနည်းဆုံးသုံးရွာတွင် ရခိုင်တိုင်းရင်းသားများ ဝင်ရောက်နေထိုင်ကာ ရွာသစ်တည်ထားကြခြင်းဖြစ်ပြီး ၎င်းတို့အနက်မှ လူဦးရေ ၂၀၀ ခန့်ရှိသည့် သင်္ဘောကွေ့ရွာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမိန့်ဖြင့် ဇူလိုင် ၉ ရက်နေ့တွင် ပထမဆုံး စတင်ဖျက်သိမ်းနေသည်ဟု ဒေသခံများက ပြောကြားသည်။

ကျန်ရွာများကိုလည်း ဖျက်သိမ်းရန် အစီအစဉ်ရှိမရှိကို မသိရသေးပေ။

သင်္ဘောကွေ့ကျေးရွာတွင် ယခင်က ‘ရိုဟင်ဂျာ’ဟု ၎င်းတို့ကိုယ်၎င်းတို့ခေါ်၍ မြန်မာဘက်က ‘ဘင်္ဂါလီ’ ဟု ခေါ်ကြသူများ နေထိုင်ကြပြီး မောင်တောဒေသ ယမန်နှစ်က တိုက်ခိုက်မှုများအတွင်း ၎င်းတို့ စွန့်ခွာ ထွက်ပြေးသွားကြသည့်နောက်တွင် ရခိုင်မြို့နယ်အချို့မှ ဒေသခံများ လာရောက်အခြေချနေကြခြင်း ဖြစ်သည်။

လာရောက်နေထိုင်သည့် ရခိုင်များက အဆိုပါဧရိယာသည် မူလက ရခိုင်များ နေထိုင်ခဲ့သည့် နေရာဖြစ်သည်ဟု ဆိုကြသည်။

တစ်ဖက်နိုင်ငံမှ မူဆလင်များ ပြန်လာသည့်အခါ နေထိုင်နိုင်ရန်အတွက်ဟုဆိုကာ နိုင်ငံတကာ အဖွဲ့အစည်းများက ယင်းကျေးရွာသစ်များကို ဖျက်သိမ်းရန် ဖိအားပေးနေခြင်းကြောင့် အစိုးရက ဖျက်သိမ်းရန် စီစဉ်ရခြင်းခြင်းဖြစ်သည်ဟု ဇူလိုင် ၈ ရက်နေ့က မောင်တောမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက ဘာပြောလဲဆိုရင် (သင်္ဘောကွေ့ရွာ) ကို ဖယ်ရှားပေးဖို့ အစိုးရက ဖိအားပေးနေတယ်လို့ တင်ပြတယ်”ဟု ၎င်းကပြောသည်။

ဇူလိုင် ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ရဲတပ်သား၊ မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်အချို့ကို စတင် ဖျက်သိမ်းနေပြီး ဆက်လက်ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု ဒေသခံ တစ်ဦး ဖြစ်သူ ကိုအောင်နိုင်က ဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် ယင်းရွာသူ၊ ရွာသားများအား လက်ရှိနေရာမှ မော်တော်ယာဉ်ဖြင့် ငါးမိနစ်ခန့်မောင်းနှင် ရသည့် အင်းဒင်ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်ရန် ပြောဆိုထားပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု ဦးမောင်အုန်းက ဆိုသည်။

အင်းဒင်ကျေးရွာသည် ပြီးခဲ့သည့်နှစ်က ပဋိပက္ခများအတွင်း မူဆလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည့်နေရာဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တပ်မတော်သား ၁၀ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော်လည်း လက်ရှိကျေးရွာနေထိုင်သူများကမူ အင်းဒင်ကျေးရွာတွင် နေထိုင်ရန် ငြင်းဆန်ကြပြီး အစိုးရ အနေဖြင့် ယခုကဲ့သို့ နှင်ထုတ်နေလျှင် မောင်တောဒေသမှ ထွက်ခွာပြီး မူလနေရပ်များသို့ ပြန်သွားမည်ဟု ကိုအောင်နိုင်က ပြောသည်။

၎င်းတို့ထဲမှ အများစုသည် ရသေ့တောင်နှင့် သံတွဲ မြို့နယ်တို့မှ ရွှေ့ပြောင်းလာသူများ ဖြစ်သည်။

“လက်ရှိတော့ မိုးပြင်ထဲမှာ ထိုင်နေကြတယ်။ အဲဒီအင်းဒင်ကို မပြောင်းဘူး။ ကျွန်တော်တို့ ရခိုင်တွေဟာ မနေသင့်တဲ့ နေရာမှာ မနေဘူး။ နေသင့်တဲ့ နေရာမှာ မနေရဘူးဆိုရင် ကိုယ့်နေရာကို ပြန်သွားမယ်။ အနောက်တံခါးကိုလည်း ကာကွယ်စရာ မလိုပါ။ အစိုးရမကျေနပ်၊ ဒီနေရာက ထွက်ပေးဆိုရင် ကျွန်တော်တို့ အားလုံး ဒီနေရာ ထွက်ပေးမယ်”ဟု သင်္ဘောကွေ့ကျေးရွာ တည်ထောင်သူ ကိုအောင်နိုင်က ဆိုသည်။

အဆိုပါ သင်္ဘောကွေ့ကျေးရွာကို တည်ထောင်စဉ်က အစိုးရအဖွဲ့ကို အကြောင်းကြားခြင်း မရှိဟုဆိုကာ ကျေးရွာ တည်ထောင်သူ သုံးဦးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူထားသည်ဟု အမှုဖွင့် ခံထားရသည့် ဦးအောင်နိုင်က ပြောသည်။

၎င်းတို့အား ဇူလိုင် ၉ ရက်နေ့ နံနက်ပိုင်းတွင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့ပြီး အာမခံပေးခဲ့ကာ ဇူလိုင် ၁၅ ရက်နေ့တွင် ရုံးချိန်းသတ်မှတ်လိုက်သည်ဟု ဦးအောင်နိုင်က ဆိုသည်။

သင်္ဘောကွေ့ရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်ကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။ အလားတူ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်း မရှိပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar