ရခိုင်ပြဿနာကို နိုင်ငံတော်အစိုးရက ဘယ်မူဝါဒနဲ့ ဖြေရှင်းမလဲ

ရခိုင်ပြဿနာကို နိုင်ငံတော်အစိုးရက ဖြေရှင်းရာမှာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ စိစစ်စေချင်တဲ့ တပ်မတော်ရဲ့မူဝါဒနဲ့ ကိုဖီအာနန် ကော်မရှင်က အကြံပြုချက်တွေကို အခြေခံဖြေရှင်းချင်တဲ့ မူဝါဒ နှစ်ခုထဲက တစ်ခုခုကို ရွေးချယ်ရဖို့ရှိပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် အစ္စလာမ် ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ပြီးပေါ်ပေါက်လာရပြန်ပါပြီ။

သြဂုတ်လ ၂၅ ရက် မနက်လင်းအားကြီးမှာ ဖြစ်ပွားခဲ့တဲ့ မူဆလင်ဒေသခံတွေက ရဲကင်းစခန်း ၃၀ လောက်ကို တပြိုင်နက်တည်း အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ကိစ္စဟာ နိုင်ငံရေးအကဲခတ်သူတွေ၊ ပဋိပက္ခ လေ့လာသူတွေအနေနဲ့ မျှော်လင့်မထားတဲ့၊ ထူးဆန်းတဲ့ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။

အဲဒီဒေသမှာ ပြဿနာတွေကို မှန်မှန်ကန်ကန် ကောင်းကောင်းမွန်မွန် မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ရင်၊ ကိုင်တွယ်တဲ့မူဝါဒ မှားယွင်းနေရင် အခုလို ပြဿနာကြီးမျိုး ပေါ်ပေါက်လာမှာပဲဆိုပြီး ကြိုတင်ခန့်မှန်း ပြောဆိုမှုတွေ ရှိနေခဲ့ပြီးသားပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုဆိုရင် အဲဒီပဋိပက္ခ ပြဿနာနဲ့ပတ်သက်ပြီး အင်အားစု နှစ်ခုကနေ ကိုင်တွယ်မယ့် မူဝါဒ နှစ်ခု ပေါ်ပေါက်လာပါတယ်။ အဲဒီမူဝါဒ နှစ်ခုကလည်း တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ကွဲပြားနေပါတယ်။ တစ်ခုကတော့ တပ်မတော်ရဲ့မူဝါဒ ဖြစ်ပြီး နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီက ကိုင်စွဲထားတဲ့ ကိုဖီအာနန် ကော်မရှင်က အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ့် မူဝါဒ ဖြစ်ပါတယ်။ ဒီမူဝါဒ နှစ်ခု ဘာတွေကွဲပြားခြားနားသလဲ၊ ဘယ်မူဝါဒဟာ ရခိုင်ပြည်နယ်ထဲက ပြဿနာတွေကို ပြေလည်မှုလမ်းကြောင်းပေါ် ရောက်စေမလဲဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် တပ်မတော်ခေါင်းဆောင်တွေဟာ ရခိုင်အကြမ်းဖက်မှုအရေးကို အကြောင်းပြုပြီး ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့ အစိုးရဘက်ကို တောင်းဆိုနေပါတယ်။ အရေးပေါ် အခြေအနေ ကြေညာပေးပြီး မူဆလင်တွေ အများစု နေထိုင်တဲ့ မောင်တောဒေသကို စစ်အုပ်ချုပ်ရေးနဲ့ ကိုင်တွယ်လိုပုံရတယ်လို့ မှန်းဆနိုင်ပါတယ်။

ကာလုံအစည်းအဝေး ခေါ်ဖြစ်ခဲ့ရင် တပ်မတော်ဘက်ကနေ အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့၊ တဆက်တည်း အဲဒီဒေသက မူဆလင်တွေကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့စိစစ်၊ နိုင်ငံသား ဖြစ်နိုင်သူတွေကို နိုင်ငံသားပေးဖို့၊ နိုင်ငံသားမဖြစ်သူတွေကို ခိုးဝင်တွေအဖြစ် သတ်မှတ်ပြီး စခန်းတွေမှာ စုစည်းထားရှိဖို့ အစရှိတာတွေ တောင်းဆိုလာနိုင်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်က မူဆလင်တွေနဲ့ပတ်သက်ပြီး တပ်မတော်က ခံယူထားတဲ့ မူဝါဒဖြစ်သလို၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အခါအားလျော်စွာ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ မူဝါဒလည်း ဖြစ်နေပါတယ်။ အဲဒီမူဝါဒ အလုပ်ဖြစ်ပါ့မလား၊ လေ့လာကြည့်ကြရအောင်ပါ။ ဒီမူဝါဒထဲမှာ အခရာကျတဲ့ အချက်ကတော့ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ဖြစ်နေတာ တွေ့ရမှာပါ။

လက်ရှိအတည်ဖြစ်နေဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အခန်း(၂) နိုင်ငံသားဖြစ်ခြင်းမှာ ခုလို ဖော်ပြထားပါတယ်။ ပုဒ်မ ၃- နိုင်ငံတော်တွင် ပါဝင်သော နယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရ ကိုင်စွဲထားတဲ့မူကို ကိုဖီအာနန်ကော်မရှင် အကြံပြုချက်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်အတွင်း ရှိနေသူအားလုံးအတွက် ကောင်းမွန်တဲ့လမ်းကြောင်း တစ်ရပ် ရှာဖွေမယ်လို့ ပြောဆိုထားတာပါ။

ပုဒ်မ ၄- မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ်သည်၊ မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ်နိုင်သည်။ ပုဒ်မ-၅ တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူတိုင်း သည်လည်းကောင်း၊ မွေးရာပါ နိုင်ငံသားများဖြစ်သည်ဆိုပြီး ဖော်ပြထားပါတယ်။ ပုဒ်မ ၇ မှာတော့ ဘယ်သူတွေဟာ နိုင်ငံသား ဖြစ်သလဲဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီမှာ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာသူတွေ၊ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသား၊ နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးက မွေးဖွားလာသူတွေ၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေရဲ့ နောက်ပိုင်း မျိုးဆက်တွေဟာလည်း နိုင်ငံသား ဖြစ်နိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ဒီနေရာမှာ နိုင်ငံသား ဖြစ်မှုနဲ့ပတ်သက်ရင် တည်ဆဲဥပဒေမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူ အမျိုးအစား သုံးမျိုးရှိနေတယ်ဆိုပြီး ထင်မှတ်မှားနိုင်ပါတယ်။ တကယ်တော့ အဲဒီသုံးမျိုးထဲမှာ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုတာ ၁၉၄၈ ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေ နှစ်ခုအရ ပါလာတာဖြစ်ပြီး အဲဒီအချိန်တုန်းက သတ်မှတ်ထားပြီးသူတွေကို ဆက်အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။

လက်ရှိအတည်ဖြစ်နေဆဲ ၁၉၈၂ ဥပဒေမှာတော့ ဘယ်သူတစ်စုံတစ်ယောက်ကိုမှ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် ထပ်ပြီးသတ်မှတ်ပေးမယ့် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ ပါလာတာ မတွေ့ရတော့ပါဘူး။ အဓိပ္ပာယ်ကတော့ လူတစ်ယောက်ကို နိုင်ငံသားစိစစ်လိုက်လို့ ဥပဒေနဲ့ ကိုက်ညီပြီး နိုင်ငံသား ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အဲဒီလူဟာ နိုင်ငံသားမဟုတ်သူ၊ နိုင်ငံခြားသား၊ ဒါမှမဟုတ် ခိုးဝင်သူ တစ်ခုခု ဖြစ်ဖို့ပဲ ရှိပါတယ်။

နိုင်ငံသား ဖြစ်မဖြစ် စိစစ်ရာမှာလည်း လူတစ်ယောက်ဟာ တိုင်းရင်းသား မိဘနှစ်ပါးကမွေးသူ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူ့ရဲ့အဆင့်ဆင့်သော မျိုးဆက်တွေဟာ မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တာ မလုပ်သေးတဲ့ ၁၈၂၃ မတိုင်မီကတည်းက အခြေချနေထိုင်ခဲ့ကြောင်း သက်သေပြနိုင်ရမယ့် သဘော ဖြစ်နေပါတယ်။

ဒီဥပဒေနဲ့သာ စစ်ဆေးလို့ကတော့ မောင်တောခရိုင်က မူဆလင် ၉၉ ရာခိုင်နှုန်းလောက်ဟာ ခိုးဝင်သူတွေ ဖြစ်သွားနိုင်ပြီး စခန်းတွေမှာ အကျယ်ချုပ်သဘော နေထိုင်သွားရမယ့် အနေအထား ရောက်သွားနိုင်ပါတယ်။ လက်ရှိ စစ်တွေခရိုင်ဘက်မှာ တစ်သိန်းပတ်ဝန်းကျင်ရှိမယ့် ဒုက္ခသည်စခန်းတွေထဲက မူဆလင်တွေရဲ့ ကံကြမ္မာနည်းတူပါပဲ။ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြဿနာကို အဲဒီလိုနည်းနဲ့ ဖြေရှင်းလို့ ပြေလည်မယ်၊ မပြေလည်ဘူးဆိုတာ အတော်ရှင်းနေတဲ့ ကိစ္စပါ။

တကယ်တော့ ရခိုင်ပြည်နယ်ထဲက ပြဿနာကို အရင်စစ်အာဏာရှင် အစိုးရတွေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ နှစ်ပေါင်း ၅၀ ကျော် ဖြေရှင်းလာခဲ့ပြီ ဖြစ်ပါတယ်။ အောင်မြင်မှုမရလို့ ခုလိုပြဿနာတွေ ပေါ်နေရတာပါ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပြဋ္ဌာန်းပြီးချိန်က စ ရင် အဲဒီဥပဒေနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာကလည်း နှစ်ပေါင်း ၃၀ ကျော်ရှိနေပါပြီ။ ဒါလည်း မအောင်မြင်လို့ ခုလိုအခြေအနေ ရောက်နေရတာ ရှင်းပါတယ်။ ဒါပေမဲ့ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ အရင်အစိုးရနဲ့ စစ်အာဏာရှင်တွေ ဖြေရှင်းလို့ မအောင်မမြင် ဖြစ်ခဲ့တဲ့ မူဝါဒကိုပဲ ဘာကြောင့် ဆက်ပြီး ဆုပ်ကိုင်ထားနေကြသလဲ စဉ်းစားရ ခက်ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရ ကိုင်စွဲထားတဲ့မူကို ကိုဖီအာနန်ကော်မရှင် အကြံပြုချက်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ အဲဒါကတော့ ရခိုင်ပြည်နယ်အတွင်း ရှိနေသူအားလုံးအတွက် ကောင်းမွန်တဲ့လမ်းကြောင်း တစ်ရပ် ရှာဖွေမယ်လို့ ပြောဆိုထားတာပါ။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရော၊ မူဆလင်တွေကိုပါ ရည်ညွှန်းထားတာ တွေ့နိုင်ပါတယ်။ နှစ်ဘက်သင့်မြတ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် လုပ်ပေးဖို့ပါ။ ဒီအတွက် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုး၊ တည်ငြိမ်ဖို့အတွက် အကြမ်းဖက် အစွန်းရောက်တွေကို ပြတ်ပြတ်သားသား နှိမ်နင်းချေမှုန်းဖို့ လိုပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ ကိုဖီအာနန် အကြံပြုချက်တွေထဲက မြန်မာနိုင်ငံအတွက် အကျိုးရှိမှာတွေကို အကောင်အထည်ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar