ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ လတ်တလော အကြောင်းရင်း

ပြီးခဲ့တဲ့ အောက်တိုဘာက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်ခံရမှုကို တာဝန်ရှိသူတွေက ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မူဆလင်အများအပြား အကြမ်းဖက်သမားတွေရဲ့ စည်းရုံးသိမ်းသွင်းမှုအောက် ရောက်သွားရတယ်လို့ မှန်းဆနိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခပြဿနာ အရှိန်မြင့်နေဆဲပါပဲ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သြဂုတ်လ ၂၅ ရက်က စခဲ့တဲ့ တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း စက်တင်ဘာ ၄ ရက်အထိ စာရင်းတွေအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်း ၁၅ ဦးကျဆုံးပြီး အကြမ်းဖက်သမား အလောင်း ၃၇၁ လောင်းနဲ့ ၃၈ ယောက်ကိုတော့ အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

အပြစ်မဲ့တဲ့ တိုင်းရင်းသား ၁၆ ယောက်၊ ဟိန္ဒူဘာသာဝင် ၇ ယောက်နဲ့ ဘင်္ဂါလီ ၇ ယောက် စုစုပေါင်း ၃၀ သေဆုံးပြီး တိုင်းရင်းသား လူဦးရေ စုစုပေါင်း ၂၆,၇၄၇ ယောက် နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းကို ထွက်ပြေးရောက်ရှိသွားတဲ့ မူဆလင် ဦးရေဟာလည်း တစ်သိန်းနှစ်သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက စက်တင်ဘာ ၅ ရက်မှာ ကြေညာထားပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ရခိုင်ပြည်နယ်ထဲ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခပြဿနာတွေထဲမှာ ဒီတစ်ကြိမ်ဖြစ်ပွားမှုဟာ အတော်လေး ကြီးကျယ်တဲ့ လက္ခဏာဆောင်တာ တွေ့နိုင်ပါတယ်။ ဒီလို ပဋိပက္ခပြဿနာ ဖြစ်လာရတာမှာ နှစ်ပေါင်းရှည်ကြာ တည်ရှိလာတဲ့ အရင်းခံ အကြောင်းတရားတွေ ရှိသလို လတ်တလော အကြောင်းတရားတွေလည်း ရှိခဲ့ပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသူ တစ်ယောက် မတရားပြုကျင့် သတ်ဖြတ်ခံရတာကနေ အစပြုပြီး ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပါတယ်။ သတ်ဖြတ်မှုတွေ မီးရှို့မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ရင် စစ်တွေခရိုင်ဘက်မှာ ဖြစ်ပွားတာနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဘက်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေချင်း မတူပါဘူး။

စစ်တွေခရိုင်ဘက်မှာက ရခိုင်တိုင်းရင်းသားတွေက လူများစု ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အဲဒီဒေသက ရခိုင်တိုင်းရင်းသား တချို့နဲ့ တစ်သိန်းလောက်ရှိမယ့် မူဆလင်တွေဟာ ဒုက္ခသည်စခန်းတွေထဲ ရောက်သွားပါတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေဟာ အကျယ်ချုပ်သာသာ သဘောမျိုးပဲရှိပြီး ၅ နှစ်ကျော် ကြာလာတဲ့ ဒီကနေ့အချိန်ထိ မူဆလင် တစ်သိန်းကျော် ဒုက္ခသည်စခန်းတွေကနေ သူတို့ရပ်ရွာ ပြန်မသွားနိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဘက်မှာတော့ အဲလိုအခြေအနေမျိုး မဟုတ်ပါဘူး။ အစ္စလာမ် ဘာသာဝင်တွေက လူများစုဖြစ်ပြီး ရခိုင်နဲ့ တိုင်းရင်းသားတွေက လူနည်းစုပါ။ ၁၀ ရာခိုင်နှုန်းအောက် နည်းတယ်လို့တောင် ခန့်မှန်းရပါတယ်။ ဒါကြောင့် အဲဒီဘက်မှာ ပဋိပက္ခ ဖြစ်ပြီဆို အကြမ်းဖက်ခံရတာ၊ ပြေးရလွှားရတာ လူနည်းစုရခိုင်နဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အာဏာပိုင်တွေဟာ အိုးအိမ်စွန့်ပြေးရတဲ့ ရခိုင်နဲ့ တိုင်းရင်းသားတွေကို သူတို့ကျေးရွာ သူတို့ ပြန်အခြေချနိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီး နောက်ထပ် တိုင်းရင်းသားကျေးရွာတွေ ထူထောင်နိုင်အောင် ကြိုးစားတာလည်း တွေ့ကြရပါတယ်။

၂၀၁၆ ဧပြီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရတက်လာတဲ့အခါ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ လျော့ပါးစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှှုကနေတဆင့် နှစ်ဘက်အသိုင်းအဝိုင်း အဆင်ပြေပြေ နေထိုင်နိုင်ရေး၊ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေး အစရှိတဲ့ အစီအစဉ်တွေ ချမှတ်ခဲ့ပြီး သူကိုယ်တိုင် ဦးဆောင်တဲ့ကော်မရှင် တစ်ရပ်ကိုပါ ထူထောင်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ မီးကျိုးမောင်းပျက် သေနတ်တချို့၊ အိမ်လုပ်ဓားတွေ၊ လှံတွေ၊ လောက်လေးဂွတွေ၊ လက်လုပ်မိုင်းတွေလောက် အသုံးပြုနိုင်တဲ့ လူအုပ်ကြီးကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့၊ မောင်တောဒေသမှာ ကင်းလှည့်စစ်ရေယာဉ်တွေ၊ စစ်ကားတွေ၊ လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေပါ ပိုင်ဆိုင် အသုံးပြုနိုင်တဲ့ လုံခြုံရေး တပ်ဖွဲ့ကို အံတုဖို့ စေခိုင်းနိုင်တဲ့ အခြေအနေ ရောက်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ ဘာမှမယ်မယ်ရရ အကောင်အထည် မဖော်နိုင်သေးခင် အောက်တိုဘာ ၉ ရက်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ စခန်း ၂ ခု စုစုပေါင်း သုံးနေရာကို ဒေသခံ မူဆလင်ရွာသားတွေက အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်နက်တချို့ကိုလည်း လုယူသွားပါတယ်။ ဒီ စီးနင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တပ်မတော်က တန်ပြန်နှိမ်နင်းခဲ့သလို အဲလို နယ်မြေစိုးမိုးရေး လုပ်ဆောင်စဉ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စွပ်စွဲခြင်းကိုလည်း ခံခဲ့ရပါတယ်။

အောက်တိုဘာ အကြမ်းဖက်မှု နောက်ပိုင်း မောင်တောဒေသမှာ ည မထွက်ရ အမိန့်ထုတ်ပါတယ်။ စစ်ဆေးမှုတွေလည်း ပိုများလာလို့ နဂိုကတည်းကမှ တမြို့နယ်ကနေ တမြို့နယ် ကျော်ဖြတ်ခွင့် မရှိ၊ ကန့်သတ်ခံထားရတဲ့ မူဆလင်တွေ တနေရာကနေ တနေရာ သွားလာရ ခက်ခဲကုန်ပါတယ်။ အကြောက်တရား လွှမ်းမိုးရုံမက အသက်မွေးဝမ်းကျောင်းနဲ့ ကုန်သွယ်စီးပွား ကူးလူးသွားလာရေး ထိခိုက်ကုန်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဘူးသီးတောင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရာနဲ့ချီတဲ့ မူဆလင်တွေကိုလည်း သူတို့မိသားစုဝင်တွေ လွတ်လွတ်လပ်လပ် သွားတွေ့တာမျိုး၊ တရားရုံးတင်ရာမှာ ကူညီပေးတာမျိုး မလုပ်နိုင်ကြပါဘူး။

အောက်တိုဘာ မတိုင်ခင်က မူဆလင် အတော်များများ ရေလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ အောက်တိုဘာ ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်တွေက ငါးထွက်ဖမ်းခွင့် မပေးဘဲ ရေလုပ်ငန်းကို ပိတ်ပင်လိုက်ပါတယ်။ နောက်ပိုင်း ရေယာဉ်တွေကို မှတ်ပုံတင်ခိုင်းပါတယ်။ ဒါတင်မက လှေထိုးသားတွေကိုပါ မှတ်ပုံတင်ခိုင်းပါတယ်။ ခက်တာက သက်သေခံကတ်ပြား လုပ်မထားတဲ့ မူဆလင်တွေ လှေထိုးသားအဖြစ် မှတ်ပုံမတင်နိုင်တော့ ငါးဖမ်းလုပ်ငန်းနဲ့လည်း အသက်မွေးဝမ်းကျောင်း မလုပ်နိုင်တော့ပါဘူး။

တပြိုင်နက်တည်း လှေပိုင်ရှင် ရခိုင်တွေရော၊ ဟိန္ဒူတွေပါ လှေသားမရှိ လှေမထွက်နိုင်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ငါးဖမ်းလုပ်ငန်း တစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးလည်း ဒီနည်းအတိုင်းပါပဲ။ သက်သေခံကတ်ပြားမရှိတဲ့ မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် မသွားနိုင်၊ ကုန်မကူးနိုင်တော့ နဂိုကတည်းကမှ ပမာဏ နည်းနည်းပဲရှိတဲ့ နယ်စပ်ကုန်သွယ်ရေးလည်း လုံးဝနီးပါး ကျဆင်းသွားစေပါတော့တယ်။

ပြောရရင် ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်စဉ်အပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက လူများစု မူဆလင်တွေရဲ့ အခြေအနေဟာ လွတ်လပ်မှု မရှိရုံမက စီးပွားရေးအရပါ နာလန်မထူနိုင်တဲ့ အခြေအနေ ရောက်သွားခဲ့တယ်ဆိုရင် မမှားပါဘူး။ တချို့ဆိုရင် နေအိမ်တွေ မီးထဲပါသွားပြီး အဲဒီနေရာတွေမှာ အိမ်ရာ ပြန်ဆောက်လုပ်ခွင့် မရတော့ပါဘူး။

အခြားတစ်ဖက်မှာတော့ အကြမ်းဖက်သမားတွေဟာ ပိုပိုပြီး ဆင်းရဲမွဲတေလာနေတဲ့ သေမထူး နေမထူး မူဆလင်တွေကို စည်းရုံးပါတော့တယ်။ အနုနည်းနဲ့ ရရင်ရ၊ မရရင် ကိုယ့်လူမျိုးတူ ဘာသာတူတွေကိုလည်း အကြမ်းဖက် စည်းရုံးပါတယ်။ အရင်က ရှိခဲ့တဲ့ အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သတ်ဖြတ်တာ၊ အစိုးရနဲ့ ပူးပေါင်းသူ၊ အစိုးရကို သတင်းအမှန် ပြောတဲ့သူတွေကို လုပ်ကြံတာမျိုးအထိ လုပ်လာတာ မတွေ့ချင် မမြင်ချင်မှ အဆုံးပါပဲ။

ခက်တာက အကြမ်းဖက်သမားတွေရဲ့ အဲဒီလုပ်ရပ်ကို အာဏာပိုင်တွေဘက်က မဟန့်တားနိုင်တာပါ။ အဲလို အကြမ်းဖက်ခံရတဲ့ မူဆလင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို အာမခံချက်ရှိရှိ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက်လည်း မူဆလင်အများအပြား အကြမ်းဖက်သမားတွေရဲ့ စည်းရုံးသိမ်းသွင်းမှုအောက် ရောက်သွားရတယ်လို့ မှန်းဆနိုင်ပါတယ်။

ဒီလိုနဲ့ပဲ မီးကျိုးမောင်းပျက် သေနတ်တချို့၊ အိမ်လုပ်ဓားတွေ၊ လှံတွေ၊ လောက်လေးဂွတွေ၊ လက်လုပ်မိုင်းတွေလောက် အသုံးပြုနိုင်တဲ့ လူအုပ်ကြီးကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့၊ မောင်တောဒေသမှာ ကင်းလှည့်စစ်ရေယာဉ်တွေ၊ စစ်ကားတွေ၊ လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေပါ ပိုင်ဆိုင် အသုံးပြုနိုင်တဲ့ လုံခြုံရေး တပ်ဖွဲ့ကို အံတုဖို့ စေခိုင်းနိုင်တဲ့ အခြေအနေ ရောက်သွားစေခဲ့ပါတယ်။

ဒါတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ အောက်တိုဘာ နောက်ပိုင်း အကြမ်းဖက်မှုတွေ နောက်ထပ် မဖြစ်ပွားအောင် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့ကြရုံမက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အမှားမှားအယွင်းယွင်း လုပ်ခဲ့ကြလို့သာ အကြမ်းဖက်သမားတွေ အနေနဲ့ အဲဒီဒေသက မူဆလင်ရွာသားတွေကို စည်းရုံးပြီး ခုလို အကြမ်းဖက်မှုမျိုး ကျူးလွန်နိုင်ခဲ့တာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar