တန်ဖိုးငွေကျပ် ၂,၃၉၄ သန်း (အမေရိကန်ဒေါ်လာနှစ်သန်းကျော်ခန့်) တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန် ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။
သတင်းအရ အဆိုပါနေ့ ညနေ ၃ နာရီခန့်တွင် စစ်တွေမြို့ ၊ ဆင်ကူးလမ်း၊ ရပ်ကွက်အမှတ်(၂) ဘုတ်ဆိပ်ဝင်းအတွင်း ကုန်ပစ္စည်းများ ပို့ဆောင်သည့်နေရာ၌ ပြည်နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တားဆီးနှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးရာ အသက် ၂၄ နှစ်အရွယ် ကျော်သူလင်းနှင့်အတူ ပီနံအိတ်အတွင်း ဗလာစာအုပ်များဖြင့် ရောနှောလျက် စိတ်ကြွဆေးပြား ၇၉၈,ဝဝဝကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
”ပြည်နယ်မှာ ကျွန်တော်တို့ တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း အများဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးများ ကို ရန်ကုန်-စစ်တွေ-ဘူးသီးတောင်-မောင်တောကတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေ ခြင်းဖြစ်ပြီး ဘူးသီးတောင်-မောင်တောမြို့နယ်တွင် လက်ခံမည့်သူကိုလည်း ဆက်လက် ဖော်ထုတ် ဖမ်းဆီးရမိခဲ့ ပါတယ်”ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဝင်းနောင်က အဆိုပါထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ဘင်္ဂလားဒေရှ့်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ရခိုင်ပြည်နယ်သည် တစ်ဖက်နိုင်ငံသို့ စိတ်ကြွဆေးဝါးများ တင်ပို့နေသည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်အခြမ်းတွင်လည်း စိတ်ကြွဆေးပြားများကို မကြာခဏ ဖမ်းဆီးရမိနေသည်။
ဇွန် ၁၇ ရက်နေ့က ဖမ်းဆီးမှုနှစ်ခုတွင် စိတ်ကြွဆေးပြား ၂၆၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့သည်ဟု Dhaka Tribune သတင်းစာက ရေးသားထားသည်။
ယခုနှစ်တွင်း မြန်မာနိုင်ငံ နယ်စပ်အနီးရှိ တက်ကနက်မြို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးအရေအတွက်မှာ အလုံးရေ ၂၇ သန်းခန့်ရှိနေပြီဖြစ်သည်ဟု နယ်ခြားစောင့်တပ်၏ စာရင်းများကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။ မူးယစ်ဆေးဝါးအမှုပေါင်း ၂၂၇ မှုတွင် ၁၅၆ မှုမှာ စိတ်ကြွဆေးပြားများနှင့် ဆက်စပ်နေပြီး တရားခံ ၁၆ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်ဟု ရေးသားထားသည်။
“ဆေးပြားတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို တင်ပို့နေတာပါ။ မြန်မာနိုင်ငံ နယ်စပ်တစ်လျောက် စက်ရုံ ၄၀ ကနေ ဒီဆေးပြားတွေ ထုတ်လုပ်နေတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်” ဟု ဘင်္ဂလားဒေရှ့်နိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး အလီအက်စ်လမ်ဟိုစိန်က အဆိုပါသတင်းစာကို ပြောကြားသည်။
သတင်း-Frontier