ရခိုင်ပြည်နယ်အရေးနှင့် မြန်မာနိုင်ငံစီးပွားရေး

ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ပြုနေတာကြောင့် အစိုးရက မီဒီယာအပေါ် အကန့်အသတ် ထားရှိနေတာတွေကို ဖယ်ရှားဖို့နဲ့ နိုင်ငံတကာက လက်ခံနိုင်တဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို လုပ်ဆောင်ဖို့ လိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၆ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးုတိုးတက်အောင် ဘယ်နည်းဘယ်ပုံ အကောင်အထည်ဖော်မလဲဆိုတာ အများက စိတ်ဝင်စားခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းပြည်တည်ငြိမ်ဖို့လိုတယ်၊ ဒါကြောင့် နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့်လဲ သူဟာ ငြိမ်းချမ်းရေးရအောင် ကြိုးစားပါတယ်။ တပြိုင်နက်တည်း စီးပွားရေးနဲ့ ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေ ပြင်ဆင်တာတွေ၊ လုပ်နည်းကိုင်နည်း အသစ်တွေနဲ့ ပုံဖော်တာတွေ၊ အနောက်နိုင်ငံတွေရဲ့ ကျန်နေသေးတဲ့ စီးပွားရေး ပိတ်ဆို့မှု ပြန်ရုပ်သိမ်းသွားအောင် ကြိုးစားတာတွေ လုပ်ပါတယ်။

ဒီကြားထဲ ၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ဖြစ်ပွားပြီး မူဆလင် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ပြဿနာကြီး ပေါ်ပေါက်လာပါတယ်။ ဒီပဋိပက္ခ ပေါ်ပေါက်လာကာစက ဒါဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်တစ်နေရာမှာ ဖြစ်နေတဲ့ပြဿနာပဲ ဖြစ်တယ်၊ ပြည်မကြီးကို သက်ရောက်လာနိုင်စရာ မရှိသလို မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အနှောင့်အယှက် မဖြစ်နိုင်လောက်ဘူးလို့ ထင်ခဲ့ကြပါတယ်။

အခု အဲဒီထင်မြင်ချက်တွေ မမှန်တော့ပါဘူး။ ရခိုင်ပြည်နယ် ပြဿနာကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မယ့် အလားအလာတွေ မြင်တွေ့နေရပါပြီ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နယူးယော့ခ်အခြေစိုက် ဥပဒေလုပ်ငန်း အဖွဲ့ Herzfeld Rubin Meyer & Rose ဟာ မြန်မာနိုင်ငံ ရန်ကုန်က သူတို့ရုံးခန်းကိုပိတ်ပြီး ထွက်ခွာသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ လာအခြေစိုက်တဲ့ အဲဒီဥပဒေ အကြံပေးအဖွဲ့ဟာ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေ မြန်မြန်ဆန်ဆန်နဲ့ များများစားစား ဝင်ရောက်လာအောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ခုတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ ရုံးခန်းပိတ် ထွက်ခွာသွားပြီဖြစ်လို့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိတ်ပူပန်စရာ တစ်ခု တိုးလာစေခဲ့ပါတယ်။ သူတို့အဖွဲ့ ခုလို ရုံးခန်းပိတ်သွားခဲ့ရတာနဲ့ပတ်သက်ပြီး အမေရိကန်ရှေ့နေ Eric Rose က ပြဿနာ သုံးရပ်ကို ထောက်ပြခဲ့ပါတယ်။

ပထမ တစ်ချက်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ကျန်နေသေးတာ၊ ဒုတိယ တစ်ချက်က ရခိုင်ပြည်နယ်က ပြဿနာ၊ တတိယ တစ်ချက်က မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ပုံကိုင်ပုံပါ။ အဲဒီ သုံးချက်ထဲမှာမှ စီးပွားရေးနဲ့မပတ်သက်ပါဘဲ စီးပွားရေးကို လာထိခိုက်စေတဲ့အချက်အဖြစ် ရခိုင်ပြည်နယ် ပြဿနာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ပြဿနာကြောင့် မြန်မာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေတယ်ဆိုတဲ့ ထင်ရှားတဲ့ သက်သေသာဓက တစ်ခု ဖြစ်စေခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာဆိုတာဟာ မြန်မာနိုင်ငံအတွက် နယ်စပ်က ပြဿနာ၊ ဘာသာရေး လူမျိုးရေး ပြဿနာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ၊ အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာတင်မက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြဿနာ တစ်ခုအဖြစ် နားလည်ယူလို့ ရနေပါပြီ။ ရခိုင်ပြဿနာ ဖြေရှင်းရေးဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးလာပြီလဲဆိုတာကို ဒီဥပဒေအကြံပေးကုမ္ပဏီ ထောက်ပြချက်ကနေ သတိပြုမိနိုင်ပါတယ်။

Eric Rose က ရခိုင်ပြည်နယ်မှာ ရိုက်ခတ်မှု ဖြစ်စဉ်ကြီး နှစ်ကြိမ် ဖြစ်ခဲ့တယ်။ ၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လ၊ အဲဒီ ဖြစ်စဉ်တွေအတွင်း အာဆာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ် ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် တစ်သန်းရဲ့ သုံးပုံနှစ်ပုံလောက် ရှိမယ့် လူတွေ ဒုက္ခသည် ဖြစ်သွားရတယ်၊ ဒီပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရဟာ နိုင်ငံတကာကို အကျိုးသင့် အကြောင်းသင့် ဖြေရှင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ် ပြဿနာဟာ အခြေခံလူတန်းစားတွေကို ဘဝရပ်တည်လို့ရအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ လူသိထင်ရှား ကုန်သွယ်ရေး လုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက် ရပ်တည်လို့မရလောက်အောင်ကို နာမည်ဆိုးဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။ ဒီထောက်ပြချက်ကိုကြည့်ရင် ရခိုင်ပြည်နယ်က ပြဿနာဆိုတာဟာ မြန်မာနိုင်ငံအတွက် နယ်စပ်က ပြဿနာ၊ ဘာသာရေး လူမျိုးရေး ပြဿနာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ၊ အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာတင်မက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြဿနာ တစ်ခုအဖြစ် နားလည်ယူလို့ ရနေပါပြီ။ ရခိုင်ပြဿနာ ဖြေရှင်းရေးဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးလာပြီလဲဆိုတာကို ဒီဥပဒေအကြံပေးကုမ္ပဏီ ထောက်ပြချက်ကနေ သတိပြုမိနိုင်ပါတယ်။

ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ပထမ တစ်ချက်ကတော့ လက်ရှိ နိုင်ငံတကာက စွပ်စွဲနေတဲ့အချက်တွေကို ဖြေရှင်းဖို့ပါ။ အဲဒါကတော့ အာဆာ အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတယ်ဆိုပြီး မြန်မာ့တပ်မတော်ဟာ အဲဒီဒေသက မူဆလင် သိန်းပေါင်းများစွာရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး သူတို့ကို နယ်စပ် တစ်ဘက် ထွက်ပြေးသွားအောင် လုပ်ခဲ့တယ်ဆိုတာပါပဲ။

နောက် စစ်ဆင်ရေးကာလအတွင်း မူဆလင်တွေကို သတ်ဖြတ်၊ နှိပ်စက်မှုပြုခဲ့တယ်ဆိုတာပါ။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ ကိုယ့်ဖာသာကိုယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးခဲ့ပါပြီ။ တပ်မတော်အနေနဲ့ ဘာ အမှားအယွင်း တစ်စုံတစ်ရာမှ မလုပ်ခဲ့ဖူးဆိုပြီး အဖြေထုတ်ထားပါတယ်။

ဒီကြားထဲ အင်းဒင်ကျေးရွာမှာ ရွာသား ၁၀ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကြီး ပေါ်ပေါက်လာပါတယ်။ တပ်မတော်ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အထက်အဆင့်ဆင့် ပါဝင်ပတ်သက်တာမျိုးမရှိဘဲ သက်ဆိုင်ရာမြေပြင်က တာဝန်ရှိသူတွေကပဲ သူတို့ဖာသာ သူတို့ ဆုံးဖြတ်လုပ်ကိုင်တာလို့ ဆိုထားပါတယ်။ နောက်ပိုင်းထုတ်ပြန်တဲ့ ရိုက်တာရဲ့ သတင်းထဲမှာတော့ တပ်မတော် တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသား ရွာသားတွေကို စေခိုင်းပြီး မူဆလင်နေအိမ်တွေကို မီးရှို့၊ ပစ္စည်းတွေကိုယူ၊ လူတွေကိုလည်း အသေအချာ သတ်ဖြတ်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

နောက်ထပ်ပေါ်ပေါက်လာပြန်တာက ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ သတင်းပါ။ အဲဒီရွာ ပတ်ဝန်းကျင်မှာ လူတွေအစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ နေရာ ရှိတဲ့အကြောင်း၊ ဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေကို မမှတ်မိအောင် မျက်နှာကို အက်စစ်လောင်းထားတာ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးထားတာမျိုး ရှိတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး အေပီက ဖော်ပြပြန်ပါတယ်။ ဒါကိုလည်း မမှန်ဘူးလို့ အစိုးရက ငြင်းထားရုံမက ရခိုင်ပြည်နယ် အစိုးရကနေ အေပီကို တရားစွဲမယ်ဆိုပြီးတောင် ခြိမ်းခြောက်လိုက်ပါသေးတယ်။

တကယ်တော့ ဒီလိုပြသနာမျိုး ဖြေရှင်းဖို့ အတွက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အမှန်ကို အမှန်အတိုင်း သိဖို့ဆိုရင် အဲဒီနယ်မြေထဲ သတင်းမီဒီယာသမားတွေကို သွားခွင့်ပေးတာကလွဲရင် အခြားနည်းလမ်း မရှိပါဘူး။ ဒါကို ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာမှာ အကြံပေးထားပြီးဖြစ်သလို နောက်ထပ်အကြံပေးအဖွဲ့ ခေါင်းဆောင် ဆူရာကီယက် ဆာသီရာထိုင်းကလည်း ပြောဆိုထားပြီးပါပြီ။

ဒါ့အပြင် နောက်ထပ် လက်တွေ့လည်းကျ အရေးကြီးတာ တစ်ခုက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးပါ။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံရပါစေ ဒီကိစ္စ အောင်မြင်အောင် စနစ်တကျ အကောင်အထည်ဖော်ရပါလိမ့်မယ်။ မူဆလင်တွေအနေနဲ့ သူတို့ အရင်နေသွားဖူးတဲ့ ကျေးရွာပတ်ဝန်းကျင်မှာ ပြန်နေခွင့်ရအောင် အကြောက်တရားကင်းကင်းနဲ့ လုပ်ကိုင်စားသောက်နိုင်အောင် ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။

ဒါတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံလာအောင် ဖြေရှင်းမပေးနိုင်ရင်တော့ ရခိုင်ပြဿနာဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီ သွားရာလမ်းကို အခက်အခဲ အဟန့်အတားဖြစ်စေတဲ့ ဆူးငြောင့်ခလုတ် တစ်ခု ဖြစ်လာပါလိမ့်မယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar