ရန်ကုန်၊ ဇူလိုင် ၁၀
“ရခိုင်ပြည်နယ်ရှိ မူစလင်များ”ဆိုတဲ့ စကားလုံး သုံးနှုန်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက စတင်ပြီး ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြပါတယ်။
ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးရှေ့ကနေ ဗဟန်းမြို့နယ်က လူထုဟစ်တိုင်ကွင်းထိ လူပေါင်း ၅၀၀ ခန့် လမ်းလျောက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မူဆလင်များရဲ့ ဝတ်ပြုကိုးကွယ်တဲ့ အဆောက်အအုံနှစ်ခု ပြီးခဲ့တဲ့လက ဖျက်ဆီးခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်က နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး ပဋိပက္ခမျိုးတွေ ပြန်လည်ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေ နိုင်ငံတွင်းမှာ မြင့်တက်လာနေပါတယ်။
ဒီလိုပဋ္ဋိပက္ခဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ အစိုးရက ဘင်္ဂလီလို့ ခေါ်တဲ့ မူဆလင် တစ်သန်းခန့်ကို အသိအမှတ်ပြုဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်အပါအဝင် အခွင့်အရေးတွေပေးဖို့ကို ရခိုင်ပြည်နယ်က ပြည်သူအများက လက်မခံကြပါဘူး။ နိုင်ငံတကာက ရိုဟင်ဂျာလို့ ခေါ်ဝေါ်ကြတဲ့ ၎င်းတို့ကို ဘင်္ဂါလီ၊ သို့မဟုတ် ဘင်္ဂလားဒေရှ့်မှ တရားမဝင် ဝင်ရောက်လာကြသူများလို့သာ ပြည်သူအများက ခေါ်ဆိုလိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကြောင့် တင်းမာမှုတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ ရခိုင်ပြည်နယ်က မူဆလင်အသိုက်အဝန်းလို့သာ ခေါ်ဝေါ်ကြဖို့ အစိုးရတာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။
ဒါပေမယ့် ဒီလို ခေါ်ဝေါ်သုံးဆွဲမှုကိုလည်း ရခိုင်ပြည်နယ်က ပြည်သူတွေက လက်မခံကြတဲ့အတွက် ဇူလိုင် ၃ ရက်နေ့က ရခိုင်ပြည်နယ်က မြို့တွေမှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တပြိုင်နက် ကျင်းပခဲ့ကြပါသေးတယ်။
ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ဘင်္ဂါလီကို ဘင်္ဂါလီလို့သာ သုံးနှုန်းရေး၊ အစိုးရ၏ ရခိုင်ပြည်နယ်မှ မူဆလင်ဟု သုံးနှုန်းချက် ချက်ချင်းဖျက်၊ ခိုးဝင်ဘင်္ဂလားကို အခြားအမည်တပ်ခြင်း အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ယနေ့ ဆန္ဒပြပွဲ မြင်ကွင်း။ ဓာတ်ပုံ-သိမ့်မွန်းစိုး (J)
လူထုဟစ်တိုင်ကွင်းကို အရောက်မှာတော့ မျိုးချစ်ရဟန်းတော်များအဖွဲ့ ဦးသုစိတ္တက “ဒီအဝန်းအဝိုင်းထဲက လူတွေဟာ တရားဝင်တဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ရခိုင်ပြည်နယ်က တရားမဝင်တဲ့ ဘင်္ဂလီတွေ ပြောတဲ့စကားတွေကို မယုံပဲ၊ ရခိုင်လူမျိုးတွေရဲ့ စကားသံကို အစိုးရကြီး ကြားနိုင်ပါစေ” လို့ ဆိုပါတယ်။
အစိုးရရဲ့ ခေါ်ဝေါ်သုံးဆွဲမှုကို ပထမဆုံး ရန်ကုန်မှာ ကန့်ကွက်တဲ့ ယနေ့ဆန္ဒပြပွဲကို ကျင်းပဖို့ ခွင့်ပြုထားခြင်း မရှိဘူးလို့ ဗဟန်းမြို့နယ်၊ ရဲစခန်းက စခန်မှူး ရဲမှူးဦးဝင်းဗိုလ်ကပြောပါတယ်။
“ဒါ ခွင့်ပြုပေးလိုက်တာမဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တာကြောင့် လိုက်လျောပေးလိုက်တာ။ ကျန်တာတော့ ဥပဒေအရပဲ” လို့ သူကဆိုပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ မူစလင်အသိုင်းအဝန်းဆိုတဲ့ စကားလုံးကို ကန့်ကွက်ကြောင်းစာကို ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတဆီကို တရားဝင် ကန့်ကွက်စာတွေ တင်ပြတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
သတင်း- သီရိဟန်