ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အပါအဝင် စစ်တွေမြို့ရှိ နေရာသုံးခုတွင် ယနေ့နံနက် အစောပိုင်းက ဗုံးသုံးလုံးပေါက်ကွဲမှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သက်ဆိုင်ရာက ပြောကြားသည်။
“ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနောက်ဘက် ခြံစည်းရိုးနေရာ၌ လည်းကောင်း၊ နာရီစင်အနီး ပြည်နယ် တရားလွှတ်တော်ချုပ်ရုံးထောင့် နေရာ၌ လည်းကောင်း၊ ပြည်နယ်မြေစာရင်းရုံးအနီး နေရာ၌လည်းကောင်း ယနေ့နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရီမုမိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ထို့ပြင် ဦးတင်မောင်ဆွေ၏ နေအိမ်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှ မပေါက်ကွဲသည့် ရီမုမိုင်း တစ်လုံးနှင့် ပြည်နယ်မြေ စာရင်းရုံးအနီး မိုင်းပေါက်ကွဲသည့်နေရာ၌ မပေါက်ကွဲသည့် ရီမုမိုင်း နှစ်လုံးတို့ကို ထပ်မံတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေသည်ဟုဆိုသည်။
ဦးတင်မောင်ဆွေ၏ နေအိမ်အနီး ပေါက်ကွဲမှုဖြစ်စဉ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲတပ်သားနန်းတင်နှင့် ယင်းနေအိမ်တွင် ခေတ္တရောက်ရှိနေသည့် ဒေါက်တာ အေးချမ်းမောင်မောင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဗုံးပေါက်ကွဲမှုကြောင့် တစ်ချို့လမ်းတွေကို ရဲတွေက ပိတ်ထားလိုက်ပြီ” ဟု စစ်တွေ ဒေသခံတစ်ဦးဖြစ်သူ ဇော်ဇော်က အေက်ဖ်ပီကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် အခြေစိုက်သည့် လွတ်လပ်သော ဆန်းစစ်လေ့လာသူတစ်ဦးဖြစ်သူ David Mathieson က စစ်တွေပေါက်ကွဲမှုသည် ရိုဟင်ဂျာအကြပ်အတည်းထက်စာလျှင် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုများနှင့် ပိုမိုဆက်နွယ်ဖွယ်ရှိသည်ဟု ပြောကြားကြောင်း အေအက်ဖ်ပီက ဆက်လက် ရေးသားထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် ပြင်းထန်သည့် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။