လားရှိုးရှိ ရိုးမဘဏ်ခွဲ ဗုံးပေါက်ကွဲမှု ဘဏ်ဝန်ထမ်းနှစ်ဦး သေဆုံး

ဉာဏ်လှိုင်လင်း

UPDATED on 10:30 PM

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက် ၂၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းဆုံရှိ ရိုးမဘဏ်ခွဲတွင် ယနေ့ညနေပိုင်းက ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်းနှစ်ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဗုံးပေါက်ကွဲကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးမှုကြီးမားသည်ဟု လားရှိုးမြို့မရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက Frontier ကို ယနေ့ညနေ ၅ နာရီခွဲခန့်က အတည်ပြု ပြောကြားသည်။

အထပ် နှစ်ထပ်ရှိသော ဘဏ်အဆောက်အအုံ၏ အပေါ်ထပ်တွင် ညနေ ၄ နာရီကျော်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။

“ရိုးမဘဏ်ထဲမှာဖြစ်တာ၊ အပေါ်ထပ်ရော အောက်ထပ်ပါ တော်တော်ထိသွားတယ်။ သူ့ဘေးက ဧရာဝတီဘဏ်လည်း နည်းနည်းထိသွားတယ်”ဟု အမည်မဖော်ပြလိုသော ၎င်းအရာရှိက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ညနေပိုင်းတွင် သတင်းထုတ်ပြန်ချက်အရ ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်၏ မျက်နှာချင်းဆိုင်ရှိ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးမှ မှန်များလည်း ကွဲကြေခဲ့သည့်အပြင် လမ်းမတော် လမ်းမဘေး၌ ရပ်ထားသော ကားမှန်များလည်း ကွဲကြေခဲ့ပြီး ဘဏ်အတွင်းရှိ အမျိုးသား ငါးဦး၊ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ဒဏ်ရာရရှိသူများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ည ၈ နာရီအချိန်ခန့်တွင် ထပ်မံထုတ်ပြန်ချက်အရ ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးအထိ ရှိသည်ဟုဆိုသည်။

ရိုးမဘဏ်၊ ဘဏ်ခွဲ (၁) ၏ ဘေးဘက်ရေမြောင်းနေရာ၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ထောင်ထားသည့် ဒေသန္တရမိုင်းတစ်လုံး ညနေ ၄ နာရီ မိနစ် ၄၀ တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် အဆိုပါအကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား “စိစစ်ဆဲ” ဟုသာ ဖော်ပြထားသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားသည်။

လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲနှစ်ခုလုံးအား ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟုလည်း ရိုးမဘဏ်က သတင်းထုတ်ပြန်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar