ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ရခိုင်ပြည်နယ်ရှိ လှပသော ကမ်းခြေများ၊ လယ်ယာမြေများနှင့် ရှေးဟောင်းအမွေအနှစ်နေရာများ၏ ပုံရိပ်များကို မျှဝေပေးရန်အတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို ကျင်းပသွားမည်ဟု စီစဉ်သူများက ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကြေညာသည်။

အဆိုပါဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းနှင့် MSR၊ ပါရမီ၊ JTB၊ Blue Ocean နှင့် Mango Group တို့ ဦးဆောင်သည့် ကုမ္ပဏီများက ပူးတွဲစီစဉ်ခြင်းဖြစ်ကာ My Beautiful Rakhine ဓာတ်ပုံပြိုင်ပွဲဟု အမည်ပေးထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်အကြပ်အတည်းပေါ်ပေါက်ခဲ့ရပြီးနောက် ရခိုင်ပြည်နယ်၏ ပုံရိပ်ကျဆင်းခဲ့ရသလို ခရီးသွားလုပ်ငန်းတွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်နေသည်။ ရခိုင်ပြည်နယ်အကြပ်အတည်းကြောင့် အနောက်နိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု နည်းပါးသွားသည်။

“ရခိုင်ပြည်နယ်မှာ လူအများ သတိမထားမိသေးတဲ့ အခွင့်အလမ်းကောင်းတွေ၊ အများစု မမြင်တွေ့ဖူးသေးတဲ့ ထူးခြားပြီး ရင်သပ်ရှုမောရလောက်တဲ့ သဘာဝရေမြေ တောတောင် အလှတွေလည်း များစွာရှိပါတယ်” ဟု စီစဉ်သူတစ်ဦးဖြစ်သည့် MSR မြန်မာမှ ဦးကျော်လှိုင်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

“ရခိုင်ပြည်နယ်ကို ခရီးသွားမယ့်သူတွေ၊ လက်ရှိ ဒီပြည်နယ်ထဲမှာ နေထိုင်သူတွေအားလုံးကို ပါဝင်ကြဖို့နဲ့ ရခိုင်ပြည်နယ်ရဲ့ လူသိများ ကျော်ကြားတဲ့ လည်ပတ်စရာနေရာဒေသတွေ၊ နောက်ပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဦးကျော်လှိုင်က ဆက်လက်ပြောကြားသည်။

ပြိုင်ပွဲအား ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကာ ပေးပို့လာသော ပြိုင်ပွဲဝင်ဓာတ်ပုံများအားလုံးကို မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ခန့်အပ်ထားရှိသော ကျွမ်းကျင်ဓာတ်ပုံဆရာများ ပါဝင်သည့် အကဲဖြတ်ဒိုင်အဖွဲ့မှ စိစစ်ရွေးချယ်မည်ဖြစ်သည်။

ပထမဆုအား ကျပ် ၁၀ သိန်း၊ ဒုတိယဆုအား ကျပ် ငါးသိန်း၊ တတိယဆု နှစ်ဆုအား ကျပ်နှစ်သိန်းခွဲစီနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပြိုင်ပွဲ၏ Facebook စာမျက်နှာပေါ်နှင့် ပြိုင်ပွဲဝက်ဘ်ဆိုဒ်ဖြစ်သော Mymyanmar.com တွင် မျှဝေသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၎င်းတို့၏ လူမှုကွန်ရက် အကောင့်များ (Publicly) တွင် hashtag နှစ်ခုဖြစ်သော (#mybeautifulrakhine, #mpsrakhine) ဖြင့် တင်ခြင်း (သို့မဟုတ်) ပြိုင်ပွဲ Facebook Messenger သို့ ဓာတ်ပုံခေါင်းစဉ်နှင့် အခြားသော အချက်အလက်များ ( အမည်၊ နေရပ်လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ်) များဖြင့် ပေးပို့နိုင်သည်ဟု သိရသည်။ ထို့ပြင် ဓာတ်ပုံကို အကောင်းဆုံးရည်ညွှန်းဖော်ပြနိုင်သော စာကြောင်းတစ်ကြောင်းလည်း ပါရှိရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar