ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်၏ အကြံပြုချက်ကို နိုင်ငံတကာကပါ လက်ခံရန် အစိုးရ မျှော်လင့်

ပြီးခဲ့သည့်ကာလများကို ကြည့်ပါက ရခိုင်ပြည်နယ်အရေး အဖြေရှာရာတွင် နိုင်ငံတကာကပါ လက်ခံရန်လိုအပ်ကြောင်း တွေ့ရမည်ဖြစ်၍ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများတွင် နာမည်ကျော်သည့် ကိုဖီအာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် အစိုးရသစ်က တာဝန်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“မည်သို့ပင် ငြင်းဆန်နေစေကာမူ နိုင်ငံတကာရဲ့ ဖိအားရှိပါတယ်။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အတူ လှေစီးဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ကျရောက်လာသည့် နိုင်ငံတကာဖိအားကို ထောက်ရှုကြည့်ပါက “မြန်မာအစိုးရကိုယ်တိုင်ကပြော၊ လက်ခံမလား၊ အဖြေထွက်မလား ဒါစဉ်းစားဖို့ လိုပါတယ်”ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် သြဂုတ် ၂၆ ရက်နေ့က ပြုလုပ်သည့် အစိုးရသစ်၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ထို့အတူ သြဂုတ် ၂၄ ရက်နေ့ ရက်စွဲပါ ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ အဆိုပါ ကော်မရှင်သည် အကြံပေးရုံသက်သက်သာ ဖြစ်သည်ကို သတိချပ်စေလိုကြောင်းလည်း ဦးဇော်ဌေးက ရှင်းလင်းသည်။

“ရှာဖွေတွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကတစ်ဆင့် မြန်မာနိုင်ငံတော် အစိုးရထံ တင်ပြရန်ဆိုတာက ဒီကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပါ”ဟု ၎င်းက ပြောသည်။

ထိုသို့သော ကော်မရှင်မျိုးကို ပြီးခဲ့သည့် အစိုးရလက်ထက်ကလည်း ဖွဲ့စည်းဖူးခဲ့ပြီး အကြံပြုချက် ၅၉ ချက်ရှိသည့် အနက် အားလုံးကို လိုက်နာအကောင်အထည်ဖော်ရန် တာဝန်မရှိကြောင်းလည်း ၎င်းက နမူနာပြ ပြောဆိုခဲ့သည်။

“ဒီကော်မရှင် (ယခင်အစိုးရလက်ထက်) က အကြံပြုချက်တွေ ထွက်လာတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘယ်လိုအသိအမှတ်ပြုသလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်” ဟုလည်း ဦးဇော်ဌေးက ရှင်းပြ သည်။

ထို့ပြင် ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရာတွင်လည်း ဝေဖန်သူများ စိုးရိမ်သကဲ့သို့ ၁၉၈၂ နိုင်ငံသားဥပဒေကဲ့သို့သော တည်ဆဲ ဥပဒေများကို ကျော်လွန်ဆောင်ရွက်ရန် မရှိဟုလည်း ၎င်းကဆိုသည်။

“ဒါလုပ်သင့်လား၊ မလုပ်သင့်ဘူးလား။ လုပ်တဲ့အခါမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ကျော်လွန်ပြီး လုပ်လို့ မရပါဘူး”ဟု ဦးဇော်ဌေးက ဆိုသည်။ ထို့အတူ ကော်မရှင်ဖွဲ့စည်းရန် လူရွေးချယ်ရာ၌ ဘက်လိုက်မှုကင်းသူ၊ အများကြည်ညို လေးစားသူ၊ အတွေ့အကြုံ ရင့်ကျက်သူ၊ ထင်ပေါ်ကျော်ကြားသူ ဖြစ်ရမည်ဟု မူချမှတ် ရွေးချယ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံခြားသားပါဝင်မှုကို ဝေဖန်နေသူတို့အနေဖြင့် ကော်မရှင်၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာအပါအဝင် နိုင်ငံတကာဆက်နွယ်မှုတို့ကို သုံးသပ်ရန်ဟူသော အချက်ပါဝင်သည်ကို လစ်လျူမရှုသင့်ကြောင်းလည်း ဦးဇော်ဌေးက ထောက်ပြသည်။

“ဝေဖန်တဲ့အချိန်မှာ ဒီအချက်ကို ထောက်ထားတာမရှိဘူး။ နိုင်ငံတကာ ပညာရှင်တွေ ဘာကြောင့် ပါဝင်ရသလဲ ဆိုတာကို”ဟု ၎င်းက ပြောသည်။

ကော်မရှင်သည် အဆိုပါအချက်အပြင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး၊ အခွင့်အရေးများနှင့် ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကဏ္ဍများအတွက် လေ့လာသုံးသပ်မှု ပြုလုပ်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရထံ ကော်မရှင် တည်ထောင်ပြီး ၁၂ လထက်မနောက်ကျစေပဲ အကြံပြုချက် အစီရင်ခံစာ တင်သွင်းရန် တာဝန်ရှိသည်။

ထိုသို့သော အချက်များပါဝင်သည့် ကော်မရှင်ဖွဲ့စည်းခြင်းကို ထုတ်ပြန်ကြေညာပြီးသည့်နောက် နိုင်ငံရေးပါတီအချို့နှင့် မီဒီယာအချို့တို့ထံမှ ဝေဖန်ချက်များ ထွက်ပေါ်နေချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် သက်ဆိုင်သည့် အဆင့်မြင့်အရာရှိတစ်ဦးက အထက်ပါအတိုင်း တရားဝင် ရှင်းလင်းပြောဆိုခြင်းဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာမူ နိုင်ငံတော်အတိုင်ပင်ခံ ဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့ အကြား နားလည်မှုစာချွန်လွှာ ရေးထိုးမည့်အချိန်မှ စတင်မည်ဖြစ်ပြီး မကြာမီလက်မှတ်ထိုးနိုင်တော့မည်ဟု ဦးဇော်ဌေးက ပြောသည်။

ကိုဖီအာနန်ဖောင်ဒေးရှင်းက ထုတ်ပြန်သောကြေညာချက်တွင်မူ ကော်မရှင်၏ ပထမဆုံး အစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့တွင် ကျင်းပမည်ဟု ပါဝင်သည်။ ကိုဖီအာနန်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် (၁-၁-၁၉၉၇ မှ ၃၁-၁၂-၂ဝဝ၇ အထိ) တာဝန် ထမ်းဆောင်ဖူးသည်။

အဆိုပါ ကော်မရှင်ကို ပြည်ပပညာရှင် သုံးဦး၊ ပြည်တွင်းပညာရှင် ကိုးဦးဖြင့် ဖွဲ့စည်းကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar