နေပြည်တော်၊ မေ ၁၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နစ်နာဆုံးရှုံးနေရသည့် ပြည်သူများကို ပြည်ထောင်စုအစိုးရက အကူအညီပေးရန် တိုက်တွန်းသည့် အရေးကြီးအဆိုတစ်ခုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့် မရခဲ့ဟု ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အမျိုးသားလွှတ်တော်တွင် ရခိုင်စစ်ပွဲရပ်ရေး အဆိုတစ်ခု မအောင်မမြင်ခဲ့ပဲ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်ကို ထောက်ချင့်၍ ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးတော့မည်မဟုတ်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားကြောင်း ဒေါ်ခင်စောဝေက မေ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ သတင်းထောက်များကို ပြောကြားသည်။
“မေ ၆ ရက်ကတင်တယ်။ ၉ ရက်နေ့ အစည်းအဝေးအစီအစဉ်မှာမပါလို့ ဥက္ကဋ္ဌကို သွားတွေ့ပြီးမေးတော့မှ ခွင့်မပြုတာကို သိရတာ” ဟု ရခိုင်အမျိုးသားပါတီ (ANP) ၏ ကိုယ်စားလှယ်ဖြစ်သူ ၎င်းက ပြောကြားသည်။
အဆိုပါ အရေးကြီးအဆိုမှာ “ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် မိမိနေရပ်အား စွန့်ခွာတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရများအနေဖြင့် လိုအပ်သော အကူအညီ အထောက်အပံ့များ ရရှိနိုင်ရေးအတွက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းကြောင်း” ဖြစ်သည်ဟု ၎င်းကပြောသည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် မှတ်တမ်းသာ အတင်ခံလိုက်ရသည့် ““မြန်မာ့တပ်မတော်နှင့် အေအေလက်နက်ကိုင်အဖွဲ့တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတလော တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ခြင်းရပ်စဲပြီး အေအေလက်နက်ကိုင်အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း” အဆိုနှင့် သဘောသဘာဝမတူညီ၍ လက်ခံဆွေးနွေးခွင့်ရမည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။
“ဘေး ဒုက္ခကယ်ဆယ်ရေးအပြင် စစ်ပြေငြိမ်းရေးကိစ္စတွေ ကျွန်မအဆိုမှာ ထည့်ရေးထားတာရှိပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်နဲ့ပတ်သက်လို့ အဆိုကို မကြိုက်ဘူးဆိုရင်လည်း ကျွန်မအနေနဲ့ ကယ်ဆယ်ရေး သီးသန့်ကိုပဲ ကျွန်မအနေနဲ့ ပြန်လုပ်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် မရခဲ့ပါဘူး” ဟု ဒေါ်ခင်စောဝေက ဆိုသည်။ သို့သော် အဆိုတစ်ခု တင်သွင်းခွင့်ပြုမပြုမှာ ဥပဒေများအရ ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြစ်၍ ထပ်မံစောဒက မတက်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းကပြောသည်။
ထိုကဲ့သို့သော အခြေအနေကို ပြည်ထောင်စုလွှတ်တော်ရှိ ANP ပါတီဝင် ၂၂ ဦးနှင့် မေ ၉ရက် ညနေပိုင်းက ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ စစ်ဘေးရှောင်ပြည်သူများအရေး ပြည်ထောင်စုအစိုးရက တာဝန်ယူပေး ရေးနှင့် စပ်လျဉ်းသည့် မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ရန်ဆုံးဖြတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ဆောင်ရွက်ရန်ရှိကြောင်း ဒေါ်ခင်စောဝေက ဆက်လက် ပြောကြားသည်။
ဒေါ်ခင်စောဝေ၏ အဆိုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် တာဝန်ရှိသူတို့ထံ မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်မရသေးပေ။
ယခုကဲ့သို့ အဆိုအား လက်မခံခဲ့ခြင်းကြောင့် ရခိုင်စစ်ပွဲနှင့် စပ်လျဉ်း၍ ANP ပါတီက မတူညီသောလွှတ်တော်နှစ်ရပ်တွင် တစ်ပတ်အတွင်း နှစ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရသည့် သဘောဖြစ်နေသည်။ အမျိုးသားလွှတ်တော်တွင်း ဆွေးနွေးစဉ်ကမူ အေအေနှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ဆန္ဒပြပွဲများ၊ လွှတ်တော်တွင်းအရေးဆိုမှုများမှာ သွေးရိုးသားရိုးမဟုတ်ဟု တပ်မတော်ဖက်က သုံးသပ်သည်အထိ တင်းမာမှုများရှိခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက “အေအေလက်နက်ကိုင်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်က စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် အခုသမ္မတကြီး ဦးထင်ကျော် လက်ထက်တွင်မှ အခုလို စစ်ပွဲတွေရပ်ဖို့ ဆန္ဒထုတ်ဖော်တာ၊ အရေးကြီး အဆိုတင်သွင်းတာတွေဟာ ဦးထင်ကျော် ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကြပ်အတည်း တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် ပုံဖော် ဖန်တီးရာရောက်နေပါတယ်”ဟု အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။
တပ်မတော်၏ မှတ်တမ်းများအရ ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ်၊ မတ်လမှ ယနေ့အထိ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ပွဲများကြောင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများအပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် ၁,၇၀၀ မှ ၂,၀၀၀ ဦးအကြားရှိနေသည်ဟု ဒေါ်ခင်စောဝေက ခန့် မှန်းထားသည်။
သတင်း- ဉာဏ်လှိုင်လင်း