ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်တန်းများအနီး တည်ရှိသော စပါးစိုက်ခင်းများကို ၂၀၁၇၊ စက်တင်ဘာလအတွင်း အမြင့်တစ်နေရာမှ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်ကို ဖရိုဖရဲဖြစ်စေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်များ

မကြာသေးမီနှစ်များအတွင်း အာရက္ခတပ်တော် (အေအေတပ်ဖွဲ့)ကို တိုက်ခိုက်ချေမှုန်းရန် ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့များ ရခိုင်ပြည်နယ်သို့ ပြန်လည်အခြေချခဲ့ကြသည်။ ထိုချိန်မှစ၍ ထိုအဖွဲ့များသည် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သလို ၎င်းတို့နှင့် ရခိုင်အသိုင်းအဝိုင်းကြားက ဆက်ဆံရေးများလည်း ယိုယွင်းလာခဲ့သည်။

ဖရွန်တီးယား

ယမန်နှစ် ဖေဖော်ဝါရီ၈ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာတစ်ရွာသို့ လက်နက်ကိုင် လူတစ်စု ရောက်ရှိလာသည်။ ၎င်းတို့သည် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (အာဆာ) အဖွဲ့ဝင်များဖြစ်ပြီး အလယ်တန်းကျောင်းဆရာ ကိုမောင်ဘကို လာရောက်ရှာဖွေကြခြင်းဖြစ်သည်။ ထိုကျောင်းဆရာသည် ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကို မီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များထံသို့ တိုင်တန်းပေးပို့သည်ဟု ထိုလက်နက်ကိုင်များက စွပ်စွဲသည်။

၎င်းတို့သည် ကိုမောင်ဘကို ရှာတွေ့သွားသည့်အခါ ရွာပြင်ထုတ်ပြီး ပစ်သတ်လိုက်ကြသည်ဟု ညီဖြစ်သူ ကိုထွန်းဝင်း (အမည်လွှဲ)က ဖရွန်တီးယားသို့ ပြောသည်။

ကိုမောင်ဘနှင့် အာဆာအဖွဲ့တို့အကြား ရန်ငြိုးက ၂၀၁၇တွင် စတင်ခဲ့သည်ဟု ကိုထွန်းဝင်းက ဆိုသည်။ ထိုစဥ် အာဆာအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်မြို့နယ်ရှိ၊ ၎င်းတို့နေထိုင်ရာ ကျေးရွာကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုမောင်ဘအပါအဝင် ရွာခံအများအပြားက ကန့်ကွက်ခဲ့ကြသည်။

အာဆာအဖွဲ့သည် ၂၀၁၇အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အင်အားကြီးထွားလာသည်။ ထိုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်တပ်၏ ကြမ်းကြုတ်လှသည့် စစ်ဆင်ရေးများကြောင့် အာဆာအဖွဲ့ဝင်များသာမက သိန်းချီသော ရိုဟင်ဂျာအရပ်သားများလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံကြရသည်။ သို့သော် နောက်ပိုင်းနှစ်များတွင် အာဆာအဖွဲ့သည် နယ်စပ်ဖြတ်၍ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ်ပြန်လည် ဝင်ရောက်လာခဲ့ပြီး ကျန်ရှိနေသေးသည့် ရိုဟင်ဂျာ အရပ်သားများအပေါ် ဗိုလ်ကျစိုးမိုးခဲ့သည်။

“၂၀၁၉မှာ အာဆာအဖွဲ့ဝင်တစ်ယောက်က ရွာထဲက မိန်းကလေးတစ်ယောက်ကို အတင်းယူဖို့ လုပ်ပေမဲ့ ကျနော့်အစ်ကိုနဲ့ တခြားလူတွေက သူ့ကို ကာကွယ်ပေးခဲ့တယ်။ အာဆာက အခွန်ကောက်ဖို့ လုပ်တော့လည်း ကျနော့်အစ်ကိုက ကန့်ကွက်ခဲ့တယ်”ဟု ကိုထွန်းဝင်းက ပြောသည်။ “သူက Fortify Rights နဲ့ တခြားနိုင်ငံတကာ NGO တွေနဲ့လည်း ဆက်သွယ်ပြီး သတင်းတွေပေးတော့ အာဆာအဖွဲ့က အဲဒါကို မကြိုက်ဘူး”

၂၀၂၁တွင် အာဆာအဖွဲ့က ကိုမောင်ဘနှင့် ဖခင်ဖြစ်သူကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ယမန်နှစ်တွင်မူ ၎င်းကို သတ်ဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် အာဆာအဖွဲ့က ရန်ရှာမည်စိုးသဖြင့် ကိုထွန်းဝင်းသည် မိသားစုကိုခေါ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းတို့မိသားစုသည် ကော့ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။

“ကျနော်တို့ ကြောက်လည်းကြောက်တယ်၊ နောက်ပြီးတော့ အရမ်းလည်း နာကျင်ခံစားရတယ်။ သူတို့က ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေကြတာ။ ကျနော်တို့ လူထုကို ကာကွယ်နေတယ်လို့ ပြောပေမဲ့ အဲဒါက အဓိပ္ပာယ်မရှိ လျှောက်ပြောနေတာ”ဟု ကိုထွန်းဝင်းက ပြောသည်။

ထိုဖြစ်စဉ်သည် အာဆာအဖွဲ့ အင်အားပြန်လည်စုစည်းတည်ဆောက်နေချိန်တွင် ဖြစ်ပွားသည်။ ၂၀၂၃ နှစ်ဆန်းပိုင်းမှစ၍ အာဆာအဖွဲ့သည် ရခိုင်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ကိုပိုင်းခြားထားသော မေယုတောင်တန်းများတွင် အခြေစိုက်စခန်းများ တည်ဆောက်ခဲ့သည်။

အာဆာ၏ အဓိကပြိုင်ဘက်မှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (အာအက်စ်အို) ဖြစ်ပြီး ထိုအဖွဲ့သည် နှစ်အတန်ကြာ လှုပ်ရှားမှုမရှိခဲ့ပေ။ ထိုအချိန်တွင် အာအက်စ်အိုကလည်း ရခိုင်အတွင်းသို့ စတင်စိမ့်ဝင်နေသည်။ မကြာသေးမီက လူသိနည်းနေသေးသည့် အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)ဟု အမည်တွင်သော အဖွဲ့တစ်ဖွဲ့လည်း ထွက်ပေါ်လာပြန်သည်။

ထိုသုံးဖွဲ့က ရိုဟင်ဂျာကျေးရွာများကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

“သူတို့တွေက မောင်တောမြို့နယ်မှာ အဓိက အခြေစိုက်ကြတယ်။ အဲဒီကနေမှ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် တစ်ကြောမှာရှိတဲ့ ရွာတွေမှာ လှည့်လည်လှုပ်ရှားကြတယ်”ဟု ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထွန်း(အမည်လွှဲ)က ဖရွန်တီးယားသို့ ပြောသည်။ “ဒီရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေက ပြန်ပေးဆွဲတယ်။ လူသတ်တယ်။ ရိုက်တယ်။ ဒီမြို့နယ်တွေမှာ အတင်းအကျပ် စစ်အင်အားစုဆောင်းကြတယ်”

လွန်ခဲ့သည့်နှစ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်တပ်များနှင့် ရခိုင်မြောက်ပိုင်းတွင် နယ်မြေများစွာ သိမ်းပိုက်ထားသည့် အေအေတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာအရပ်သားများကို ကာကွယ်ပါမည်ဟု ကြွေးကြော်ထားသည့်တိုင် အေအေအဖွဲ့သည် ရိုဟင်ဂျာများအား အကြိမ်ကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြောင်း စွပ်စွဲခံနေရသည်။ ဤသို့ဖြင့် ရိုဟင်ဂျာအရပ်သားများသည် တိုက်ပွဲများအကြား မြေစာပင်ဖြစ်ရရှာသည်။

ဘေးကျပ်နံကျပ်ဖြစ်ရသည့်ကြားက မြန်မာစစ်တပ်ရော ရိုဟင်ဂျာတပ်ဖွဲ့များကပါ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို အေအေအား တိုက်ခိုက်ရန် အတင်းအကျပ်သော်လည်းကောင်း၊ မက်လုံးပေးစည်းရုံး၍သော်လည်းကောင်း တပ်သားစုဆောင်းကြသည်။ ထိုလုပ်ရပ်များကြောင့် ရခိုင်များ၏ ရိုဟင်ဂျာများအပေါ် မယုံကြည်မှုနှင့် အငြိုးအတေးများ ကြီးထွားလာသည်။ ဤအခင်းအကျင်းတွင် လူမျိုးရေး သို့မဟုတ် ဘာသာရေးပဋိပက္ခများ ထပ်မံဖြစ်ပွားပါက ၎င်းတို့ကို ရခိုင်မှ တစ်ဖန်မောင်းထုတ်မည့် ကြိုးပမ်းအားထုတ်မှုများရှိလာမည်ကို ရိုဟင်ဂျာများက အထူးစိုးရိမ်သည်။

ရန်သူမှ မဟာမိတ်အဖြစ်သို့

၂၀၁၂တွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခကြောင့် ရိုဟင်ဂျာ တစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။ နောက်ပိုင်းတွင် ပြည်ပရောက်ရိုဟင်ဂျာအချို့က အာဆာအဖွဲ့ကိုတည်ထောင်သည်။ ထိုအဖွဲ့သည် ရခိုင်အတွင်းသို့ မကြာခဏစိမ့်ဝင်ပြီး လူသစ်စု၍ စစ်သင်တန်းပေးသော်လည်း ၂၀၁၆ မတိုင်ခင်အထိ စစ်ဆင်ရေးကြီးကြီးမားမား မဖော်ဆောင်နိုင်ခဲ့ပေ။ ထိုနှစ်၊ အောက်တိုဘာတွင် ရခိုင်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်းအများအပြားကို တစ်ပြိုင်နက် ထိုးစစ်ဆင်၍ ဗွေဆော်ဦးတိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။ မြန်မာစစ်တပ်ကလည်း အလွန်ရက်စက်သော နည်းလမ်းများဖြင့် တုံ့ပြန်ခဲ့သည်။

တစ်နှစ်အကြာ ၂၀၁၇၊ ဩဂုတ်တွင် အာဆာအဖွဲ့ကပင် ရခိုင်မြောက်ပိုင်းတွင် ပထမအကြိမ်ကထက် ပိုမိုပြင်းထန်များပြားသည့် တိုက်ပွဲများဖော်ဆောင်ခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က “နယ်မြေရှင်းလင်းစစ်ဆင်ရေး” ဆင်နွှဲခဲ့ရာ တန်ပြန်စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာထောင်နှင့်ချီကို သတ်ဖြတ်ခဲ့ပြီး ၇၃၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည်။ ထိုစဉ် တိမ်းရှောင်ရသည့် ရိုဟင်ဂျာအများအပြားသည် ယနေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ဆဲဖြစ်သည်။

အာဆာသည် ရခိုင်ပြည်နယ်တွင်းသို့ သိုသိပ်စွာ ပြန်လည်ဝင်ရောက်နေသည့်တိုင်အောင် ၂၀၁၇ နောက်ပိုင်းနှစ်များတွင် ထိုဒုက္ခသည်စခန်းများကို ခြယ်လှယ်ကာ ဒုက္ခသည်များကို ဗိုလ်ကျအမြတ်ထုတ်ရန်သာ အာရုံစိုက်နေခဲ့သည်။ ထိုစခန်းများမှ စုဆောင်းသည့် တပ်သားသစ်များကို မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်းနှင့် အခြားတရားမဝင်လုပ်ငန်းများတွင် စေခိုင်းလေ့ရှိသည်။ ထို့ပြင် ဒုက္ခသည်များကို အကြောက်တရားဖြင့် ခြိမ်းခြောက်ပြီး ၎င်းတို့ကို ဆန့်ကျင်၊ ကန့်ကွက်သူများအား အပြတ်ရှင်းသည်။

သို့သော် မကြာမီ အာဆာအဖွဲ့သည် အရပ်သားများအပေါ် ဆက်လက်ဗိုလ်ကျစိုးမိုးနိုင်ရေးအတွက် အခြားရိုဟင်ဂျာအဖွဲ့များ အထူးသဖြင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (အာအက်စ်အို)နှင့်ပါ ယှဉ်ပြိုင်လာရသည်။ ၁၉၈၂တွင် ရိုဟင်ဂျာအချို့ စတင်တည်ထောင်ခဲ့သည့် အာအက်စ်အိုအဖွဲ့သည် ၁၉၉၈နောက်ပိုင်းတွင် ပျောက်ကွယ်လုနီး ငြိမ်သက်နေခဲ့ပြီး မကြာသေးမီနှစ်များတွင်မှ ပြန်လည်သက်ဝင် လှုပ်ရှားလာသည်။ ထိုနှစ်ဖွဲ့ကြားက အာဏာလုပွဲများကြောင့် သာမန်ဒုက္ခသည်များသည် ဒုစရိုက်နှင့် ရာဇဝတ်မှုများ၏ အန္တရာယ်အငွေ့အသက်ကို ပိုမိုခံစားလာရသည်။

“ပြီးခဲ့တဲ့နှစ်အတွင်း မတူညီတဲ့ အဖွဲ့ပေါင်း တစ်ဒါဇင်လောက်က ရာဇဝတ်မှုတွေနဲ့ ပိုင်နက်လုတဲ့ စစ်ပွဲတွေထဲ ပါဝင်ပတ်သက်နေကြတာကြောင့် အကြမ်းဖက်မှုတွေက တော်တော်လေးကို မြင့်တက်လာခဲ့ပြီး ပြန်ပေးဆွဲမှုနဲ့ သတ်ဖြတ်မှုတွေဟာ တဟုန်ထိုးထောင်တက်လာခဲ့ပါတယ်”ဟု နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (International Crisis Group)က ၂၀၂၃၊ ဒီဇင်ဘာတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်ဆိုသည်။

၂၀၂၁၊ စက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အာဆာအဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟစ်အူလ္လာ၏ ရုံးခန်းအနီး လုံခြုံရေးတာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

ပြိုင်ဘက်အဖွဲ့အစည်းများကလည်း အာဆာလောက် မဆိုးရွားသည့်တိုင် ၎င်းကဲ့သို့ပင် ရာဇဝတ်မှုများ ကျူးလွန်လေ့ရှိသည်။ ထိုအဖွဲ့များသည် ရက်စက်ကြမ်းကြုတ်သည့် အာဆာအဖွဲ့ဝင်ဟောင်းများကိုပင် ၎င်းတို့၏အဖွဲ့ဝင်အဖြစ် လူစုလေ့ရှိသည်။

“စခန်းတွေထဲမှာ လက်နက်ကိုင်အဖွဲ့တွေအများကြီးရှိပေမဲ့ အများစုက အာဆာအဖွဲ့ဝင်ဟောင်းတွေကပဲ ထောင်ထားကြတာ”ဟု ကော့ဘဇားရှိ ဒုက္ခသည်စခန်းတစ်ခုတွင်နေထိုင်သည့် ကိုမင်းစိုး(အမည်လွှဲ)က ဖရွန်တီးယားသို့ ပြောသည်။ “အာဆာရော သူ့ရဲ့ အဖွဲ့ဝင်ဟောင်းတွေရောက ကျနော်တို့ကို ဆက်ပြီးအနိုင်ကျင့်၊ နှိပ်စက်နေကြတုန်းပဲ”

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရခိုင်ပြည်နယ်အတွင်း ပြန်လည်အခြေချရန် ကြိုးပမ်းခဲ့သည့် အာဆာအဖွဲ့၏ အဓိကရန်သူသည် မြန်မာစစ်တပ်မဟုတ်ဘဲ​ အေအေအဖွဲ့ဖြစ်နေသည်။ ၂၀၂၃၊ ဇူလိုင်လအတွင်း မေယုတောင်တန်းတွင် အာဆာနှင့်အေအေတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုချိန်မှစ၍ အာဆာအပါအဝင် အခြားရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ ရခိုင်ပြည်နယ်အတွင်း ခြေကုပ်မရရှိစေရန်နှင့် ၎င်း၏အာဏာစက်ကို တော်လှန်ပုန်ကန်မှုမရှိစေရန် အေအေအဖွဲ့က ကြိုးပမ်းအားထုတ်တော့သည်။ ၂၀၂၃၊ နိုဝင်ဘာတွင် အေအေတပ်ဖွဲ့နှင့် မြန်မာစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်ပြီး တိုက်ပွဲများပြန်လည်စတင်ခဲ့ချိန်မှစ၍ ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။ လက်ရှိတွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၊ ကျောက်ဖြူနှင့် မန်အောင်မြို့တို့ကိုသာ ထိန်းချုပ်နိုင်တော့သည်။

ကြီးထွားလာသည့် အေအေ၏ အာဏာစက်ကို တန်ပြန်ထိန်းညှိရန် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို အောက်ခြေတပ်သားများအဖြစ် စတင်၍ လူသစ်စုဆောင်းလာခဲ့သည်။ ရိုဟင်ဂျာအချို့ကို အင်အားသုံးခြိမ်းခြောက်၍ လူသစ်စုဆောင်းသလို အချို့ကိုလည်း တပ်ထဲဝင်လျှင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း မျှော်လင့်ချက်အမှားများပေး၍ စည်းရုံးခဲ့သည်။ ထို့ပြင် စစ်တပ်သည် ၎င်းတို့နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် သွေးခွဲအုပ်ချုပ်သည့် မူဝါဒကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်သည့်အနေဖြင့် အေအေကို တိုက်ခိုက်ရန် ရခိုင်ပြည်အတွင်းသို့ ဝင်ရောက်လာသည့် အာဆာတပ်ဖွဲ့ဝင်များအား တိတ်တဆိတ် ကူညီပေးခဲ့ကြောင်း စွပ်စွဲချက်များလည်း ထွက်ပေါ်ခဲ့သည်။

၎င်းတို့သည် ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံအကြား သွားလိုက်၊ ပြန်လိုက် လုပ်နိုင်ခြင်းမှာ နှစ်ဖက်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီကြောင့်ဖြစ်ကြောင်း အာဆာအဖွဲ့ဝင်ဟောင်းတစ်ဦးကဆိုသည်။

“အာဆာက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲနဲ့ စစ်တပ်ထဲက အောက်ခြေအရာရှိတွေနဲ့ တစ်နည်းနည်းနဲ့ ချိတ်ဆက်ထားတယ်။ မြန်မာစစ်တပ်အရာရှိတွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ ဒီအရာရှိတွေက သူတို့(အာဆာတပ်ဖွဲ့ဝင်များ) နယ်စပ်ဖြတ်ဖို့ အလျဥ်းသင့်ရင်သင့်သလို ခွင့်ပြုပေးကြတယ်”ဟု အမည်မဖော်လိုသူ အာဆာအဖွဲ့ဝင်ဟောင်းက ဖရွန်တီးယားသို့ ပြောသည်။

အတင်းအဓမ္မ တပ်သားစုဆောင်းခြင်း

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းရှိ ရွာတစ်ရွာမှ အသက်၃၂နှစ်အရွယ် ရိုဟင်ဂျာဒေသခံ ကိုစိန်အောင် (အမည်လွှဲ)ကမူ၂၀၂၃အတွင်း အာဆာနှင့်အာအက်စ်အို တပ်နှစ်ခုလုံး၏ တပ်ဖွဲ့ဝင်များကို ၎င်းတို့ရွာနှင့် အနီးတစ်ဝိုက်ဒေသများတွင် ခပ်စိတ်စိတ် မြင်တွေ့လာရသည်ဟုဆိုသည်။

အေအေက ကိုစိန်အောင်တို့နေထိုင်ရာ ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်သည့် ယမန်နှစ်၊ မတ်လမတိုင်ခင်ကတည်းက အာဆာအဖွဲ့ဝင်များသည် လူသစ်စုရန် ရွာသို့ ရောက်လာလေ့ရှိပြီး ၎င်းတို့ထံမှ အစားအသောက်နှင့်ငွေများ ယူဆောင်သွားကြလေ့ရှိသည်။ အေအေအဖွဲ့ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် လူအနည်းငယ်သာ စေလွှတ်ပြီး သိုသိုသိပ်သိပ် လှုပ်ရှားခဲ့သော်လည်း ဒေသခံများကမူ ၎င်းတို့ကို မနှစ်မြို့ခဲ့ပေ။

“များသောအားဖြင့် အဖွဲ့ဝင် ၁၀ယောက်လောက် လာတတ်ကြတယ်။ သူတို့က တိုးတိုးတိတ်တိတ်လာပြီး တပ်ဖွဲ့ဝင်သစ်တွေစုဆောင်းဖို့ လုပ်ကြပေမဲ့ လူတွေက မပါချင်ကြဘူး”ဟု ကိုစိန်အောင်က ပြောသည်။

“သူတို့က ကျနော်တို့ အခွင့်အရေးအတွက် အေအေကိုတိုက်ရမယ်လို့ ပြောကြတယ်။ တကယ်လို့ တပ်ထဲမဝင်ရင် အရေးယူမယ်လည်းပြောတော့ လူတွေက ကြောက်ပြီးထွက်ပြေးကြတယ်။ တတ်နိုင်တဲ့သူတွေက စစ်တွေဘက် ဒါမှမဟုတ်လည်း လှေနဲ့တခြားနိုင်ငံတွေဘက်ကို ပြေးကြတယ်။ တချို့ကလည်း ဘူးသီးတောင်မှာပဲ တိမ်းရှောင်နေကြတယ်”ဟု ကိုစိန်အောင်ကပြောသည်။

အာဆာအဖွဲ့သည် တစ်ချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းလျက်ရှိသည်။ တခါတရံ အာဆာအဖွဲ့သည် ၎င်းတို့အတွက်သာမက မြန်မာစစ်တပ်အတွက်ပါ အတင်းအဓမ္မ လူသစ်စုလေ့ရှိသည်

ယမန်နှစ်၊ မေလအတွင်း အာဆာတပ်ဖွဲ့ဝင်များက ဒုက္ခသည်စခန်းများကို ညကြီးချိန်မတော် ဝင်ရောက်စီးနင်း၍ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး လူသစ်စုဆောင်းသည့် ဖြစ်စဉ်တစ်ခုကို ကိုမင်းစိုးက ပြန်ပြောင်းပြောပြခဲ့သည်။

“အသက် ၃၀အောက် ယောက်ျားလေးတွေ တပ်ထဲဝင်ရမယ်လို့ပြောပြီး အသက်၁၅နှစ်ကနေ ၃၀အတွင်း လူတွေကို ဖမ်းကြတယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ကျနော်တို့ရွာထဲမှာပဲ လေးယောက်ဖမ်းခံရတယ်။ ငြင်းတဲ့ ဒုက္ခသည်တွေကိုဆို ရိုက်မယ်လို့လည်း ခြိမ်းခြောက်ကြတယ်”ဟု ၎င်းကပြောသည်။ အာဆာအဖွဲ့အပြင် အာအက်စ်အိုကလည်း ဒုက္ခသည်စခန်းများတွင် တပ်သားသစ် စုဆောင်းခဲ့ကြောင်း ၎င်းကဖြည့်စွက်သည်။

ထိုသို့ခြိမ်းခြောက်သည့်အပြင် ထိုအဖွဲ့များက ရိုဟင်ဂျာအချို့ကို လိုလိုလားလား တပ်ထဲဝင်ရန်နှင့် ၎င်းတို့၏ ထောက်ခံမှုများရရှိအောင် ကလိမ်စေ့ငြမ်းဆင်၍လည်း စည်းရုံးခဲ့ပေသည်။ အေအေကို တိုက်ခိုက်ရာတွင် ပါဝင်သည့်ရိုဟင်ဂျာများကို စစ်တပ်က မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း ကောလာဟလများ ဒုက္ခသည်စခန်းများအတွင်း ပျံ့နှံ့ခဲ့ကြောင်း ကိုမင်းစိုးက ဆိုသည်။

“ဒါတွေက အခြေအမြစ်မရှိတဲ့ ကောလာလဟတွေဆိုပေမဲ့ ရိုဟင်ဂျာလူငယ်တော်တော်များများက ယုံပြီးတော့ တိုက်ပွဲတွေထဲပါသွားကြတယ်”ဟု ၎င်းက ပြောသည်။ “ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ လူငယ်တော်တော်များများက အာဆာ ဒါမှမဟုတ် အာအက်စ်အိုကို ထောက်ခံကြတယ်”

မျှော်လင့်ချက်အမှားများအပြင် အချို့ဒုက္ခသည်များကမူ အေအေအဖွဲ့အပေါ် အမျက်ဒေါသထွက်ခြင်းနှင့် မုန်းတီးခြင်းတို့ကြောင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသို့ ဝင်ရောက်ကြသည်။

“အေအေက ရိုဟင်ဂျာတွေကို ဖိနှိပ်ပြီး အနိုင်ကျင့်နေတာကြောင့် ပြန်တိုက်ဖို့လိုတယ်။ အခု အာဆာနဲ့ အာအက်စ်အိုက အေအေကို တိုက်နေတာဖြစ်တဲ့အတွက် သူတို့ကို ကျနော်တို့က ထောက်ခံတာ”ဟု အမည်မဖော်လိုသည့် အသက်၂၁အရွယ် ရိုဟင်ဂျာလူငယ် ဒုက္ခသည်တစ်ဦးက ဖရွန်တီးယားကို ပြောသည်။

ရိုဟင်ဂျာများ၏ ရန်ငြိုးမှာလည်း အကြောင်းမဲ့သက်သက်တော့ မဟုတ်ပေ။ ယမန်နှစ်၊ မေလအတွင်း ဘူးသီးတောင်မြို့ကို သိမ်းပိုက်ခဲ့စဉ်က အေအေတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာနေအိမ် ရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် အရေအတွက် အတိအကျမသိနိုင်သော ရိုဟင်ဂျာအရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း ခိုင်လုံသော စွပ်စွဲချက်များ ထွက်ပေါ်လာသည်။

အာဆာက ထိုဖြစ်ရပ်နှင့် အခြားဖြစ်စဉ်များအတွက် အေအေကို ကလဲ့စားချေရန် ကြိုးပမ်းခဲ့သည်။ ၎င်းတို့အနက် ယမန်နှစ်၊ သြဂုတ်လအတွင်း မောင်တောမြို့မှ ထွက်ပြေးတိမ်းရှောင်သည့် ရိုဟင်ဂျာအရပ်သား ၁၀၀ကျော်ကို အေအေက ဒရုန်း၊ လက်နက်ကြီး စသည်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်၍ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံရသည့်ဖြစ်စဉ်များလည်း ပါဝင်သည်။ 

ဒီဇင်ဘာ၈ရက်တွင် အေအေက မောင်တောမြို့ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ကို သိမ်းပိုက်စဉ် အာဆာအဖွဲ့က ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုရုပ်သံဖိုင်တွင် ရခိုင်အမျိုးသားငါးဦးကို အာဆာတပ်ဖွဲ့ဝင်များက ဝိုင်းထားပြီး အေအေအဖွဲ့ကို ရခိုင်မြောက်ပိုင်းမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့သည်။

အာဆာတပ်သားများက မောင်တောမြို့နယ်မြောက်ပိုင်း မေယုတောင်တန်းများအနီးရှိ ဆင်စွယ်ရရွာကို စီးနင်းစဥ် ရခိုင်အမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “သူတို့တွေက မိန်းကလေးငယ်လေး တစ်ယောက်ကို သတ်သွားတဲ့အပြင် အိမ်ငါးလုံးကိုလည်း မီးရှို့သွားသေးတယ်”ဟု အနီးအနားရှိရွာမှ ရခိုင်ဒေသခံတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။

ယခုနှစ် မတ်လအတွင်း မထင်မှတ်ထားဘဲ အာဆာ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အတ္တာအူလ္လာသည် အပေါင်းအပါ၁၀ဦးနှင့်အတူ ဒါကာမြို့အပြင်ဘက်တစ်နေရာတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့တိုင် အာဆာအဖွဲ့၏ လှုပ်ရှားမှုများက ရပ်တန့်မသွားပေ။

“အာဆာအဖွဲ့ဝင်တွေက ရခိုင်မှာ ဆက်ပြီးလှုပ်ရှားနေကြတုန်းပဲ။ နောက်ပြီးတော့ တချို့ ဒုက္ခသည် စခန်းတွေမှာ ဒီအဖွဲ့က အကြီးအကျယ်လှုပ်ရှားနေတယ်”ဟု ဒုက္ခသည်စခန်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“မလေးရှားနဲ့ ဆော်ဒီအာရေဗျမှာရှိတဲ့ ပြည်ပရောက်ရိုဟင်ဂျာတွေဆီကနေ ရန်ပုံငွေရကြတယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အာဆာကိုဘယ်သူတွေထောက်ပံ့နေလဲဆိုတာ စုံစမ်းစစ်ဆေးပြီး အရေးယူသင့်တယ်။ မလုပ်ဘူးဆိုရင် အာဆာက ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေဦးမှာပဲ”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ လွန်ခဲ့သည့် ဧပြီ၂၇ရက်တွင် အေအေနှင့် အာဆာတို့အကြား တိုက်ပွဲသစ်များဖြစ်ပွားခဲ့ကြောင်းရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာသတင်းဌာနက ရေးသားခဲ့သည်။

သို့သော် မည်သည့် ရိုဟင်ဂျာလက်နက်ကိုင်တပ်ကမှ ရခိုင်ပြည်နယ်တွင် အေအေတပ်ဖွဲ့၏ အင်အားကို စိန်ခေါ်နိုင်သည့် အနေအထားတွင်မရှိပေ။ “အေအေကိုတိုက်ဖို့ အင်အားသူတို့မှာ မရှိကြတော့ ဒေသခံတွေကို ပစ်မှတ်ထားတော့တာပဲ”ဟု ဦးထွန်းကပြောသည်။

အဆိုပါအဖွဲ့များသည် စစ်ရေးအရ အေအေကို ခြိမ်း‌ခြောက်နိုင်စွမ်းမရှိသည့်တိုင် ၎င်းတို့၏ လုပ်ရပ်များကြောင့် ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းနှစ်ခုအကြား မယုံကြည်မှု ပိုမိုနက်ရှိုင်းလာပြီး ၂၀၁၂ကကဲ့သို့ လူမျိုးရေးပဋိပက္ခမီးများ ပြန်လည်လောင်ကျွမ်းလာမည်ကို ဦးထွန်းက စိုးရိမ်နေသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရိုဟင်ဂျာ နိုင်ငံရေးနှင့် တက်ကြွလှုပ်ရှားမှုတို့အပေါ် အေအေထိပ်ပိုင်းခေါင်းဆောင်များက ရန်စောင်သော သဘောထားရှိကြောင်း လူသိရှင်ကြားထုတ်ဖော် ပြောဆိုထားသည်ဖြစ်ရာ ရိုဟင်ဂျာအရပ်သားများသည် အေအေအဖွဲ့၏ ရန်ရှာမှုခံရနိုင်ဖွယ်ရှိနေသည်။

ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာဒေသခံတစ်ဦးက အလားတူစိုးရိမ်ပူပန်မှုမျိုး ၎င်းတို့ထံတွင်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“ရခိုင်လူမျိုးတွေက ကျနော်တို့ကို နားလည်မှုလွဲသွားလိမ့်မယ်”ဟု အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။ “အာဆာနဲ့ အာအက်စ်အိုအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဝင်လာနေကြတာ။ ဒီနောက်ဆက်တွဲတွေကို ခံရမယ့်သူတွေက ကျနော်တို့ပဲ”

“သူတို့က ကျနော်တို့ကို ကိုယ်စားမပြုဘူး” ဟု ၎င်းကဆိုသည်။ “သူတို့က ကျနော်တို့ကို ဖိနှိပ်ဖို့ပဲသိတယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar