ရခိုင်တွင်ဖြစ်ပွားနေသည့် ပြဿနာများက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိနေ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေရဲ့ ရေးသား တင်ပြမှုတွေကြောင့် မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ လာရောက်မှု ကျဆင်းသွားတဲ့အပြင် ခရီးစဉ် ဖျက်သိမ်းမှုအချို့လည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံအချို့က ထုတ်ပြန်ထားတဲ့ ခရီးသွားလာရေးဆိုင်ရာ သတိပေးချက်တွေကလည်း ခရီးသွားတွေ လာရောက်မှုမှာ အဟန့်အတားဖြစ်နေတယ်လို့ ဦးခင်အောင်ထွန်းက ပြောပါတယ်။

ဒီအထဲမှာ ငပလီကမ်းခြေတည်ရှိတဲ့ သံတွဲအပါအဝင် ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကလွဲလို့ ရခိုင်ပြည်နယ်က ကျန်ဒေသတွေကို မလိုအပ်ပဲ မသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားတဲ့ ဗြိတိန်နိုင်ငံလည်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲစခန်းတွေကို အစ္စလာမ်စစ်သွေးကြွတွေက သြဂုတ် ၂၅ ရက်နေ့မှာ တပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တပ်မတော်ရဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်ခဲ့ချိန်ကစလို့ လူပေါင်း လေးသိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မူဆလင်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးတာတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မှု ရပ်ဆိုင်းထားရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်နေမှုက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာကြီးတွေရဲ့  အာရုံစိုက်မှုအများအပြားကို ရရှိခဲ့တယ်လို့ ဦးခင်အောင်ထွန်းက ပြောပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေကို စီအင်န်အင်န်နဲ့ ဘီဘီစီတို့လို အင်အားကြီးတဲ့ နိုင်ငံတကာ မီဒီယာကြီးတွေက ထုတ်လွှင့်နေမှုကြောင့်လည်း နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ဖို့အတွက် လုံခြုံစိတ်ချရမှု ရှိမရှိနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် အဖွဲ့ဝင်များထံ မေးမြန်းမှုတွေ အများအပြားကို လက်ခံရရှိတယ်လို့ ဦးခင်အောင်ထွန်းက ပြောပါတယ်။

“မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တွေက ရခိုင်ပြည်နယ်က မြို့နယ်သုံးခုကိုပဲ သက်ရောက်မှုရှိပါတယ်။ ကျန်တစ်နိုင်ငံလုံးမှာ ခရီးသွားဖို့ လုံခြုံစိတ်ချမှုရှိပါတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့နေရာတွေကို သွားရောက်ဖို့ခရီးစဉ်တွေကို အချို့သောခရီးသွားလုပ်ငန်းတွေက ပယ်ဖျက်မှုတွေ ရှိနေပေမယ့် ငပလီကမ်းခြေနဲ့ ရှေးဟောင်းမြို့တော်မြောက်ဦးတို့က နိုင်ငံခြားခရီးသွားတွေအကြားမှာ ရေပန်းစားနေဆဲဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် 7Days Travel & Tour Co. ရဲ့ အရောင်းမန်နေဂျာဖြစ်သူ ဦးကောင်းစည်သူက ပြောပါတယ်။

“နိုင်ငံခြားသားတွေ၊ အထူးသဖြင့် ဂျာမန်တွေက ငပလီနဲ့ မြောက်ဦးတို့ကို သွားရောက်လည်ပတ်နေကြတုန်းပါပဲ။ အဲဒီနေရာတွေမှာ ပဋိပက္ခတွေမဖြစ်ပါဘူး” လို့ Frontier ကို သူက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

“ရခိုင်ကအခြေအနေက ခရီးသွားလုပ်ငန်းအပေါ် အများကြီးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး” လို့ ဦးကောင်းစည်သူက ပြောပါတယ်။

Khiri Travel ရဲ့လက်ထောက်အထွေထွေမန်နေဂျာဖြစ်သူ Mr Stefan Scheerer ကတော့ ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေက မြန်မာနိုင်ငံက အေးချမ်းတည်ငြိမ်နေတဲံ အခြားဒေသများရဲ့ ခရီးသွားလုပ်ငန်းအပေါ်ကိုပါ ဆိုးကျိုးသက်ရောက်မှုရှိနေတယ်လို့ ပြောပါတယ်။

“ခရီးသွားလုပ်ငန်းအတွက် ကန့်သတ်ထားတဲ့နေရာတွေ ရှိနေပေမယ့် ခရီးသွားတွေအတွက် လုံခြုံစိတ်ချရမှု အရှိဆုံးနေရာတစ်ခုအဖြစ် မြန်မာနိုင်ငံက ရှိနေဆဲဖြစ်ပါတယ်” လို့ သူက Frontier ကို ပြောပါတယ်။

ပြဿနာတွေကို မကြာမီမှာ ဖြေရှင်းပြီးစီးသွားလိမ့်မယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက မျှော်လင့်ထားကြပါတယ်။

“ပြဿနာတွေက ရှည်ကြာလေလေ၊ တိုင်းပြည်အပေါ် သက်ရောက်မှု ကြီးလေပဲ” လို့ ဦးခင်အောင်ထွန်းက ပြောပါတယ်။

သတင်း-ကျော်ရဲလင်း

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar