ရခိုင်စခန်းများရှိ ကလေးငယ် ၆၀,၀၀၀ ခန့် ဆိုးရွားသည့် ရောဂါများခံစားနေရဟု ယူနီဆက်ပြော

ရခိုင်ပြည်နယ်ရှိ စခန်းများတွင် နေထိုင်ကြသည့် ရိုဟင်ဂျာကလေးငယ် ၆၀,၀၀၀ ခန့်မှာ ပြင်းထန်သည့် အာဟာရ ချို့တဲ့မှုအပါအဝင် ဆိုးရွားသည့်ရောဂါများ ခံစားနေရပြီး ကုသမှု ခံယူနိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) ကပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့် ဒုက္ခသည် ၆၅၅,၀၀၀ ကျော်ကို ကမ္ဘာက အာရုံစိုက်နေကြချိန်တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စခန်းများမှ ရိုဟင်ဂျာကလေးငယ် ၆၀,၀၀၀ မှာမူ မေ့လျော့ခံရသကဲ့သို့ ဖြစ်နေသည်ဟု ယူနီဆက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စမာရစ်စီမာကာဒိုက ဇန်နဝါရီ ၉ ရက်နေ့တွင် ပြောကြားသည်။

ဒီဇင်ဘာ ၆ ရက်မှ ဇန်နဝါရီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်၍ ဂျီနီဗာမြို့တွင် ဂျာနယ်လစ်များနှင့် တွေ့ဆုံရှင်းလင်းရာတွင် မာကာဒိုက ပြောကြားခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၂၅ ရက်နေ့တွင် အစ္စလာမ်သွေးကြွများက မြန်မာလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းသို့ လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီများ သွားရောက်မှုကို ပိတ်ပင်ထားရန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ကလေးငယ်များ ဒုက္ခရောက်နေရသည်ဟု ၎င်းက ဆိုသည်။

“အကြမ်းဖက်တိုက်ခိုက်မူ ဖြစ်စဉ်တွေ အတောအတွင်း ကလေး ၂၀ လောက်က သူတို့မိသားစုတွေနဲ့ ကွဲသွားတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ဖော်ထုတ် သိရှိထားပါတယ်။ ဒါပေမဲ့ စုစုပေါင်း အနည်းဆုံး ၁၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပြီး သူတို့ထဲက အများစုက ဝင်လို့မရတဲ့ ရခိုင်မြောက်ပိုင်းက နေရာတွေမှာ ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၎င်း၏ ပြောကြားမှုကို UN News Centre က ရေးသားထားသည်။ ပြင်းထန်သည့် အာဟာရချို့်တဲ့မှု ဖြစ်ပေါ်နေသည့် ကလေးငယ် ၄,၈၀၀ အား အသက်ကယ်ကုသပေးမှုများကို အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့သည့် သြဂုတ် ၂၅ ရက်နေ့ နောက်ပိုင်းတွင် မပြုလုပ်ပေးနိုင်တော့ကြောင်း မာကာဒိုက ပြောသည်။

“ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆောင်ရွက်နေကြတဲ့ ပြင်ပလူနာကုသရေး ၁၂ နေရာလုံးကို ပိတ်လိုက်ရပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတာ လုယက်ခံရတာ၊ ဖျက်ဆီးခံရတာအပြင် ဝန်ထမ်းတွေ သွားလို့မရတာကြောင့်လည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ၎င်းရောက်ရှိခဲ့သည့် အဆိုးဝါးဆုံးစခန်းများထဲမှ နှစ်ခုမှာ ရခိုင်ပြည်နယ်အလယ်ပိုင်း ပေါက်တောမြို့နယ်တွင် တည်ရှိပြီး ရေလမ်းခရီးမှ လေးနာရီကြာ မော်တော်ဖြင့် သွားခဲ့ရသည်ဟု မာကာဒိုကဆိုသည်။

“အဲဒီစခန်းတွေရောက်ရင် ပထမဆုံး သတိပြုမိတာက အော်ဂလီဆန်ပြီး ဖျားသွားနိုင်တယ် ဆိုတာပဲ။ စခန်းတွေရဲ့ တစ်ချို့အပိုင်းတွေက တကယ့်မိလ္လာတွင်းတွေလိုပါပဲ။ အမိုးအကာတွေက ဒေါက်တိုင်တွေပေါ် ယိုင်တိယိုင်တိုင် ဆောက်ထားပြီး အဲဒီတိုင်တွေက အမှိုက်ပုံတွေနဲ့ မစင်တွေပေါ်မှာ စိုက်ထားတာပါ” ဟု ၎င်းကပြောသည်။ “ကလေးတွေက အညစ်အကြေးတွေပေါ် ခြေဗလာနဲ့ လျှောက်သွားနေကြတယ်။ ဒီဇင်ဘာလရဲ့ ပထမ ၁၈ ရက်အတွင်း အသက် ၃ နှစ်ကနေ ၁၀ နှစ်အတွင်းရှိ ကလေးတွေထဲက လေးဦးသေဆုံးသွားပြီလို့ စခန်းစီမံအုပ်ချုပ်သူတစ်ဦးက ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ကျေးလက်ဒေသများတွင် ဆက်လက်နေထိုင်နေကြရသည့် ရိုဟင်ဂျာကလေးများ အားလုံးနီးပါးမှာ အထီးကျန်နေကြသည်ဟု မာကာဒိုက ပြောသည်။ “ရိုဟင်ဂျာရော၊ ရခိုင်ကလေးငယ်တွေမှာပါ အဆိပ်သင့်မှုအဆင့်က စိုးရိမ်စရာ ကောင်းအောင် မြင့်မားနေတယ်တယ်လို့ ကျွန်မတို့ ကြားရပါတယ်” ဟု လည်း ၎င်းကဆိုသည်။

လူမျိုးဘာသာမခွဲခြားဘဲ ကလေးများအားလုံးကို ကုသမှုပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ရခိုင်အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ယူနီဆက်က အသင့်ရှိနေသည်ဟုလည်း မာကာဒိုက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar