မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို NLD က ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

ရန်ကုန်၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့အပေါ် တိုင်ကြားချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးဖြစ်သဖြင့် ဆုံးဖြတ်ချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ပေးမည်ဖြစ်သည်။

NLD ပါတီဝင်များဖြစ်သည့် ၎င်းတို့အား NLD ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် တိုင်ကြားထားခြင်းဖြစ်ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (စီအီးစီ) က စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီတစ်ပတ်အတွင်း စီအီးစီဆုံးဖြတ်ချက်ကို ထုတ်မှာပါ။ ပြီးခဲ့တဲ့ စီအီးစီအစည်းအဝေးမှာ စစ်ဆေးရရှိတဲ့ အချက်အလက်တွေကို တင်ပြီး ဆုံးဖြတ်ထားတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက Frontier ကို ပြောကြားသည်။

တိုင်တန်းခံထားရသူများကိစ္စကို စုံစမ်းစစ်ဆေးရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ခေါင်းဆောင်ပြီး အဖွဲ့ဝင် နှစ်ဦးပါသည့်အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပါတီက ဖွဲ့စည်းပေးခဲ့သည်။

ထို့နောက် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ တိုင်တန်းသူ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဖွဲ့ဝင်များကို ဒီဇင်ဘာလ ပထမအပတ်အတွင်းက ရန်ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်တွင် အဆိုပါအဖွဲ့က ခေါ်ယူစစ်မေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ပြန်လည်ရွေးချယ်ပေးရန် မော်လမြိုင်မြို့နယ်မှ NLD ပါတီ ၄၀၀ ခန့်အပြင် ဝန်ကြီးချုပ်က ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိဟုဆိုကာ လွှတ်တော် ကိုယ်စားလှယ်အချို့တို့က ပါတီဌာနချုပ်သို့ လက်မှတ်ရေးထိုး တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ဒုဥက္ကဋ္ဌ ဦးကြည်စိုးတို့ကိုလည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးက လက်မှတ်ရေးထိုးကာ ပါတီဌာနချုပ်သို့ တိုင်တန်းခဲ့သည်။

“လွှတ်တော်အဆောက်အဦးတင်ဒါကို ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ ဆွေမျိုးကုမ္ပဏီက ဆောက်လုပ်ခွင့်ရသွားတယ်။ တင်ဒါစိစစ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် လွှတ်တော်ဒုဥက္ကဋ္ဌက တာဝန်ယူပြီး ပွင့်လင်းမြင်သာမှုမရှိ တင်ဒါပေးခဲ့လို့ တိုင်ခဲ့တာ” ဟု တိုင်တန်းရာတွင် ပါဝင်ခဲ့သူ တနင်္သာရီတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Frontier ကို ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့အပေါ် အဓိကစွပ်စွဲထားသည့် တိုင်တန်းမှုများအပေါ် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များဖြစ်သည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်နှင့် သတ္တုနှင့် သယံဇာတရေးရာဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့က ငြင်းပယ်ထားသည်။

“လေ့လာသင်ယူရင်းနဲ့ လုပ်ကိုင်နေရတယ်။ အရင်က ပြဿနာတွေအများကြီးကို ဖြေရှင်းနေရတယ်။ အခုအချိန်မှာ ပြည်သူတွေဖက်က အားမလိုအားမရ ဖြစ်နေတာကိုနားလည်ပေမယ့် အချိန်တစ်ခုတော့ စောင့်ပေးဖို့ လိုအပ်ပါတယ်” ဟု ဦးစောအောင်မြင့်ခိုင်က ဆိုသည်။

NLD သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်နိုင်ခဲ့ပြီးနောက် အစိုးရတာဝန်ယူခဲ့သည်မှာ ၁၀ လနီးပါးရှိပြီ ဖြစ်သလို လွှတ်တော်များတွင် ဥပဒေပြုရေးတာဝန် ယူယူခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်တော့မည် ဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar