မြို့နယ် ၁၇ ခုဖွံ့ဖြိုးရေး ကန်ဒေါ်သန်းနှစ်ရာကျော် အစိုးရသုံးမည်

နန္ဒ

မြို့နယ် ၁၇ ခုတွင် လူထုဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ရန် အစိုးရက အမေရိကန်ဒေါ်လာ ၂၄၄သန်းကျော်သုံးစွဲရန် စီစဉ်နေပြီးချေးငွေရယူရန်လွှတ်တော်၏သဘောတူညီချက်ကိုစောင့်ဆိုင်းနေသည်။

စီမံကိန်းရန်ပုံငွေသန်း နှစ်ရာကျော်၏ ၇၀ရာခိုင်နှုန်းဖြစ်သော ဒေါ်လာသန်း ၁၅၀ ကျော်ကို လူထုသို့တိုက်ရိုက်ထောက်ပံ့ရန်အစိုးရကစီစဉ်ထားသည်။

ချင်းပြည်နယ်ရှိဖလမ်း၊ဟားခါး၊ထန်တလန်နှင့်တီးတိန်၊ဧရာဝတီတိုင်းရှိဖျာပုံ၊လပ္ပတ္တာ၊ဘိုကလေး၊တနင်္သာရီတိုင်းရှိလောင်းလုံ၊ရေဖြူ၊သရက်ချောင်း၊စစ်ကိုင်းတိုင်းရှိမင်းကင်း၊မော်လိုက်၊ဖောင်းပြင၊်ကလေးဝ၊လေရှီး၊လဟယ်နှင့်နန်းယွန်းတို့တွင်ဆောင်ရွက်သွားမည်ဖြစ်ပြီးစစ်ကိုင်းတိုင်းကမြို့နယ်အများဆုံးပါဝင်သည်။

ဖျာပုံ၊ဟားခါး၊လဟယ်၊ကလေးဝနှင့်လောင်းလုံမြို့နယ်တို့တွင် ယခုဘဏ္ဍာနှစ်မှစတင်ပြီး ပထမဆုံး အကောင်အထည်ဖော်မည်ဖြစ်သည်။

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်းဆောင်ရွက်မည့်အဆိုပါစီမံကိန်း ကြောင့် မြို့နယ် ၁၇ ခုရှိကျေးရွာပေါင်း သုံးထောင်နီးပါးမှ လူဦးရေ ၂ သန်းနီးပါးအကျိုးကျေးဇူးခံစားရမည်ဟု အစိုးရကယုံကြည်နေသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဦးလှကျော်က စက်တင်ဘာ ၉ ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်းနှင့်ပတ်သက်သောအချက်အလက်များကို ရှင်းပြခဲ့သည်။

စီမံကိန်းကာလမှာ ၇ နှစ်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အထိဖြစ်သည်။

စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူအခြေပြုဖွံ့ဖြိုးရေးနည်းလမ်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာလူထုက ၎င်းတို့၏လိုအပ်ချက်များကို အများသဘောတူရွေးချယ်ဆောင်ရွက်ရမည်ဖြစ်သည်။

သဘာဝဘေးဒဏ်ခံနိုင်သော အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများဟု အမျိုးအစားခွဲခြားထားသည်။

“ အလုပ်အကိုင်အခွင့်အလမ်းတွေရလာပြီးဆင်းရဲမှုလျော့ချနိုင်မယ်။သဘာဝဘေးကို ရင်ဆိုင်ဖို့စွမ်းဆောင်ရည်တွေမြင့်မားလာမယ်။” ဟု ဒုဝန်ကြီးက အစိုးရ၏စီမံကိန်းမျှော်လင့်ချက်ကိုပြောသည်။

ဒေါ်လာသန်းနှစ်ရာကျော်ကုန်ကျမည့်စီမံကိန်းအတွက် ဒေါ်လာ ၁၈၅ သန်းအား အာရှဖွံ့ဖြိုးရေးဘဏ်မှချေးယူရန်အစိုးရကစီစဉ်ထားပြီး လွှတ်တော်တွင်အဆိုပါချေးငွေကိစ္စနှင့်ပတ်သက်ပြီး မကြာမီဆွေးနွေးမည်ဖြစ်သည်။

ချေးငွေသက်တမ်းမှာ ၃၂ နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလ ၈ နှစ်အတွက်အတိုး ၁ရာခိုင်နှုန်းဖြစ်သည်။အတိုးနှင့်အရင်းပြန်လည်ပေးဆပ်ရမည့် ၂၄ နှစ်အတွက်အတိုးမှာ ၁ဒဿမ၅ ရာခိုင်နှုန်းဖြစ်သည်။

အဆိုပါစီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၁၀ သန်း၊ဥရောပသမဂ္ဂက ကန်ဒေါ်လာ ၂၇ သန်းကျော်၊ဂျပန်က ကန်ဒေါ်လာ ၃ သန်းထောက်ပံ့ပေးကြမည်ဖြစ်ရာ ထောက်ပံ့ငွေဒေါ်လာသန်း ၄၀ ကျော်ရှိပြီး အစိုးရက ဒေါ်လာ၁၉သန်းကျော် ထည့်ဝင်မည်ဖြစ်သည်။

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့မှကျွမ်းကျင်ပညာရှင်များက ပဏာမစူးစမ်းလေ့လာမှုကို ယမန်နှစ်ကပြုလုပ်ခဲ့ပြီးနောက်အဆိုပါစီမံကိန်းဆောင်ရွက်ရန် အစိုးရကသဘောတူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအမြင့်ဆုံးနိုင်ငံစာရင်းတွင်ပါဝင်နေရာ ရေရှည်တည်တံ့သော ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးတွင် သဘာဝဘေးလျှော့ချကာကွယ်ရေးကိုတစ်ပါထဲဆောင်ရွက်သည့်အနေဖြင့် ယခုစီမံကိန်းဖြစ်ပေါ်လာရကြောင်းစီမံကိန်းဖြစ်ပေါ်လာရခြင်း၏ နောက်ခံအကြောင်းအရာကိုဒုဝန်ကြီးကရှင်းပြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar