မြန်မာနိုင်ငံက တရုတ်နိုင်ငံထံ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် အကြွေးဆပ်ရန်ရှိနေကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရက ပြည်ပကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ဆယ်ဘီလျံကျော် ဆပ်ရန်ရှိနေပြီး တရုတ်ထံမှ အများဆုံးချေးယူထားခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသို့ ငွေချေးသောပြည်ပနိုင်ငံများအနက် တရုတ်ကအတိုးအများဆုံးယူသော နိုင်ငံလည်းဖြစ်ပြီး ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ အတိုးယူထားသည်။
“အတိုးနှုန်းမြင့်မားတဲ့ ချေးငွေတွေကြောင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ပိုမြင့်လာနိုင်လို့ ရေရှည်အတွက် သေချာစဉ်းစားသင့်ပါတယ်”ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကသုံးသပ်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှာ တရုတ်ထံမှ ချေးငွေအများဆုံး ရယူထားကြပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကလည်း တရုတ်ထံမှ ချေးငွေရယူထားကြသည်။
တရုတ်ပြီးနောက် ဂျပန်နိုင်ငံမှ ဒုတိယအများဆုံး ချေးယူထားပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ရှိသည်။ သို့သော် အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းမကျော်ပေ။
တတိယအများဆုံးအဖြစ် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ချေးယူထားပြီး အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းအောက်သာဖြစ်သည်။
ပြည်ပချေးငွေကို ကမ္ဘာ့ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများထံမှ လည်းကောင်း၊ နှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်ဖြင့်လည်းကောင်း ချေးယူလျက်ရှိသည်။
ပြည်ပချေးငွေရယူရာတွင် ငွေကြေးအမျိုးအစားကွဲပြားမှုကြောင့် ငွေလဲလှယ်နှုန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ဦးမော်သန်းကအကြံပြုသည်။
ပြည်ပချေးငွေယူ ဆောင်ရွက်ထားသည့်စီမံကိန်းများ မပြီးပြတ်ခြင်း၊ စက်ရုံများအရှုံးပေါ်နေသောကြောင့် ရပ်လိုက်ရသဖြင့် အတိုးရောအရင်းပါ ပေးဆပ်ရခြင်းနှင့် BOT ခေါ် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်းစနစ်ဖြင့် ဆောင်ရွက်နေသောကုမ္ပဏီအချို့က အကြွေးမဆပ်သဖြင့် နိုင်ငံတော်က စိုက်ထုတ်ဆပ်ပေးရခြင်းစသည်တို့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေရသည့် အခြေအနေများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။