မြိတ်ကျွန်းစုက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နိဗ္ဗာန်ဘုံတစ်ခု

သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နိုင်ကြောင်းကို မြိတ်ကျွန်းစု၏ အဝေးဆုံးတစ်နေရာတွင် တည်ရှိသည့် ကျွန်းတစ်ခု၌ တည်ထောင်ထားသော ဂေဟဧည့်ရိပ်သာက သက်သေပြနေသည်။ 

စာသားနှင့် ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

မြန်မာနိုင်ငံ၏ တောင်ဘက်ဆုံး မြို့ဖြစ်သော ကော့သောင်းမြို့၏ လူစည်ကားလှသည့် ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီးနောက် အချိန်အနည်းငယ်အတွင်းမှာပင် မြိတ်ကျွန်းစု၏ ရာပေါင်းများစွာသော ကျွန်းများက ခရီးလမ်းတစ်လျောက် ပတ်လည်တွင် ဝန်းရံနေသည်ကို တွေ့ရမည်ဖြစ်သည်။ အချို့သော ကျွန်းများမှာ နီးကပ်လွန်းသဖြင့် ကျွန်းပေါ်မှ သစ်ပင် ပန်းမန်များကိုပင် တွေ့မြင်ရမည်ဖြစ်သမည်။ အချို့ကျွန်းများမှာမူ မိုးကုတ်စက်ဝိုင်းတွင် အရိပ်တစ်ခု သဏ္ဍာန်အဖြစ်သာ မြင်တွေ့နေရသည်။

ကျွန်းများအကြား ငါးနာရီခန့် ခုတ်မောင်းပြီးချိန်တွင် ခပ်ဝေးဝေးမှ မြင်ရသော ကျွန်းတစ်ခုကို လက်ညှိုးထိုးပြီး သင်္ဘောမောင်းသူက “အဲဒီကျွန်းဘဲဗျ” ဟု ပြောကြားလိုက်သည်။ သူညွှန်ပြသည်က ငခင်ညိုကြီးကျွန်းဟုခေါ်သည့် Boulder Island ပင်ဖြစ်သည်။

Boulder Island, aptly named. (Victoria Milko | Frontier)

Boulder Island, aptly named. (Victoria Milko | Frontier)

အလေ့အကျင့် မရှိသော မျက်လုံးအတွက်မူ ထိုကျွန်းများကို မည်သို့မှ ခွဲခြားသိရှိနိုင်မည် မဟုတ်ပေ။ ဒါကြောင့် ရေယာဉ်မောင်းကို မေးကြည့်လိုက်သောအခါ သူ၏ အဖြေက ရိုးရှင်းလှသည်။ 

“ဒါက နောက်ဆုံးကျွန်းမို့ပါ။ သူနောက်မှာ ပင်လယ်ပြင်ကျယ်ကြီးပဲ ရှိတော့ပါတယ်။ အဲဒါကြောင့် ကျွန်တော်သိတာပါ” ဟု သူက ဆိုသည်။ 

Boulder Island Eco Resort သည် ကော့သောင်းမြို့မှ မိုင် ၅၀ အကွာတွင် တည်ရှိသည်။ မြိတ်ကျွန်းစု၏ အနောက်ဘက် အကျဆုံး ကျွန်းများထဲတွင် ပါဝင်သည်။ ထိုကျွန်းပေါ်ရှိ တစ်ခုတည်းသော လုပ်ငန်းဖြစ်ပြီး နော်ဝေနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Mr Bjorn Burchard က စီမံကွပ်ကဲနေခြင်းဖြစ်သည်။ သူသည် အရှေ့တောင်အာရှတွင် စီးပွားရေးလုပ်ငန်းများကို ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။

Boulder Island is one of the most remote locations in the Myeik Archipelago. (Victoria Milko | Frontier)

Boulder Island is one of the most remote locations in the Myeik Archipelago. (Victoria Milko | Frontier)

Burchard သည် ထိုကျွန်းပေါ်တွင် စီးပွားရေး လုပ်ကိုင်နေသော ကုမ္ပဏီနှစ်ခုဖြစ်သည့် United Hotels and Resorts Co Ltd နှင့် Moby Dick Tours တို့၏ မန်နေဂျာ ဖြစ်သည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က မြိတ်ကျွန်းစုအတွင်း ရွက်လွှင့်နေစဉ်တွင် ထိုကျွန်းကို သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော် ဒီကျွန်းတွေကြားထဲမှာ ရွက်လွှင့်လာခဲ့တာ ကြာပါပြီ။ ဒီဒေသမှာ အလားအလာကောင်းတွေ ရှိတာကို တွေ့ရှိခဲ့ရတယ်” ဟု သူက Frontier ကို ပြောကြားသည်။ “Boulder Island ကို တွေ့တဲ့အခါမှာတော့ ဒီကျွန်းကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်နိုင်မယ်လို့ တွေးမိခဲ့တယ်” ဟု သူက ဆက်လက်ပြောကြားသည်။

ထိုကျွန်းကို ရှာဖွေတွေ့ရှိပြီး ဂေဟဧည့်ရိပ်သာတစ်ခု တည်ဆောက်ရန် စီစဉ် စိတ်ကူးရသည့်အဆင့်မှာ လွယ်ကူလှသော်လည်း စာရွက်စာတမ်းများနှင့် အစိုးရ၏ လုပ်ငန်းအဆင့်ဆင့်ကို လိုက်လံ လုပ်ဆောင်ရသည်မှာမူ အချိန်ကုန် လူပန်းသည်ဟု သူက ဆိုသည်။

Part of the Boulder Island Eco Resort. (Victoria Milko | Frontier)

Part of the Boulder Island Eco Resort. (Victoria Milko | Frontier)

အစိုးရက ပိုင်ဆိုင်သော ထိုမြေကို ငှားရမ်းပြီး ဧည့်ရိပ်သာ တည်ဆောက်ခွင့် ရရှိရန်အတွက် United Hotels and Resorts Co Ltd က ဒေသခံ အဖွဲ့အစည်းအမျိုးမျိုးနှင့် အစိုးရ အဖွဲ့အစည်းများအား လိုက်လံ ဆက်သွယ်ရသည်ဟု ဆိုသည်။ အဖွဲ့အစည်း အမျိုးမျိုးထံသို့ ခေါက်တုံ့ခေါက်ပြန် သွားလာခဲ့ရသည်ဟု ဆိုသည်။ ခရီးသွားလုပ်ငန်း တစ်ခါမျှ မရှိသေးသော ဒေသအသစ်တွင် လုပ်ဆောင်မည်ဆိုပါက ထိုသို့လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ဟု သူက ဝန်ခံခဲ့သည်။ 

“ဒီလူတွေက ဒီကျွန်းမှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေဘဲ လုပ်ငန်း လုပ်မှာလား။ ဒါမှမဟုတ် အပန်းဖြေ ဧည့်ရိပ်သာတွေကို ဆောက်လို့ ရသမျှ ဆောက်မှာလားဆိုတာတွေကို အစိုးရက ချင့်ချိန်ရတယ်လေ။ နောက်ဆုံးတော့ လိုအပ်တာတွေ အားလုံး ဖြေရှင်းအပြီး သဘောတူညီမှုရတဲ့အထိ အချိန်အကြာကြီး စောင့်ခဲ့ရတယ်” ဟု သူက ဆိုသည်။ 

လိုအပ်သော စာရွက်စာတမ်းများကို အစိုးရ အဖွဲ့အစည်းများနှင့် အေဂျင်စီများက ၂၀၁၆ ခုနှစ် အစောပိုင်းတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ဖြင့် Burchard နှင့် အဖွဲ့များသည် နောက်ထပ် အတားအဆီးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ၎င်းမှာ အပန်းဖြေဧည့်ရိပ်သာ တည်ဆောက်ရန် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများနှင့် အလုပ်သမားများ၊ ဝန်ထမ်းများအတွက် အစားအစာနှင့် နေစရာ စီစဉ်ပေးရန် ဖြစ်သည်။ 

“ကျွန်တော်တို့က ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို ပြည်မကြီးကနေပဲ သယ်ယူရတယ်။ ကော့သောင်းမှာက လိုအပ်တဲ့ဟာတွေ အကုန် မရရှိနိုင်ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေကို ဒီကျွန်းပေါ်ကို ပို့ဆောင်ပေးရတယ်။ ဒီနောက်မှာတော့ မုတ်သုံရာသီ ရောက်ရှိလာတယ်။ ဒီတော့ အလုပ်ကို အချိန်ပြည့် မလုပ်နိုင်တော့ဘူး။ သယ်ယူပို့ဆောင်ရေးကလည်း ပိုမိုခက်ခဲလာတယ်” ဟု သူက ဆိုသည်။

Victoria Milko | Frontier

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန် အလွန်အကျွံ လုပ်ဆောင်မှုကြောင့် ရရှိခဲ့သော သင်ခန်းစာများကို ရယူပြီး ထိုကျွန်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အကောင်းဆုံး လုပ်ဆောင်လိုသည်ဟု ဆိုသည်။ လိုအပ်သည့်အခါမှသာ သစ်ပင်များကို ခုတ်လှဲပြီး ရရှိသော သစ်သားများကို ဆောက်လုပ်ရေးတွင် ထည့်သွင်းအသုံးပြုခဲ့သည်ဟု ဆိုသည်။ Boulder Island အပန်းဖြေ ဧည့်ရိပ်သာသည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက ဧည့်သည်များကို စတင်လက်ခံခဲ့သည်။ 

“ကျွန်တော်တို့က နမူနာကောင်း တစ်ခုကိုလည်း ပြသချင်တယ်။ ဒီဒေသကို ကျွန်တော် အရမ်း သဘောကျတယ်။ နောင်မျိုးဆက်တွေအတွက် မပျက်မဆီး ကျန်ရစ်ခဲ့ဖို့ လိုအပ်တယ်” ဟု Burchard က ပြောသည်။ “ထိုင်းနိုင်ငံကို ကြည့်ရင် သူတို့ဆီက ကျွန်းတွေက အလွန်အကျွံ ဖွံ့ဖြိုးတိုးတက်နေတယ်။ ပလက်စတစ်တွေကို နေရာတိုင်း မြင်တွေ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်က ပျက်စီးနေပြီ။ ဒါက ရေရှည်အတွက် မကောင်းဘူး” ဟုလည်း သူက ဆက်လက်ပြောကြားသည်။

ထိုကျွန်းကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သူ၏ အတွေးအမြင်က ရှင်းလင်းလှသည်။ Boulder Island သို့ လာရောက်လည်ပတ်သူများသည် အဖြူရောင် သဲသောင်ပြင်များနှင့် ထူထပ်သော သစ်တောများကို တွေ့မြင်ရမည်ဖြစ်သည်။ ပုစဉ်းရင်ကွဲများက သစ်ပင်များကြားမှ အော်မြည်နေသံကု ကြားနေရမည်ဖြစ်သည်။ နေလည့်စာ စားနေချိန်တွင် မျက်နှာကျက်ပေါ်၌ မြွေစိမ်းမီးခြောက်တစ်ကောင်က တောက်တဲ့တစ်ကောင်ကို ဝါးမြိုနေသည်ကို တွေ့မြင်နိုင်မည်။ နေ့လည်ခင်းချိန်တွင်မူ ငှက်များက သစ်ပင်များအကြား၌ ပြေးလွှား ပျံသန်းနေမည်လည်းဖြစ်သည်။ သူတို့၏ အမြီးများက ဖြတ်သွားဖြတ်လာသူများ၏ ဦးခေါင်းနှင့် ပွတ်တိုက်လု နီးနီး ပျံသန်းနေကြသည်။

ကမ်းခြေဘေးတွင် စီစီရီရီ ပေါက်ရောက်နေသော သစ်ပင်များကို ဖြတ်သန်းသွားပြီးနောက် ရှေးဆန်ဆန် တည်ဆောက်ထားသော ဘန်ဂလိုတဲများကို တွေ့မြင်ရသည်။ ဘန်ဂလိုများ၏ အရှေ့ စင်ဝင်တွင် ကြိုးပုခက် တစ်ခုကို ချိတ်ဆွဲထားသည်။ ဘန်ဂလိုများ၏ အလယ်တွင်ရှိသော လူအများ စုစည်းနိုင်ကြပြီး ထိုနေရာတွင် မနက်စာ၊ နေ့လယ်စာနှင့် ညစာတို့ကို တည့်ခင်းကျွေးမွေးမည်ဖြစ်သည်။ ထိုနေရာကိုလည်း ရှေးဟောင်း ရေငုပ်ဦးထုပ်များ၊ သစ်ခေါင်းထွင်း လှေများ လင်းပိုင်အရိုးစုများနှင့် မီးအိမ်များဖြင့် အလှဆင်ထားသည်။ ကမ်းခြေ၏ အခြားတစ်ဖက်တွင် နေရောင်ခြည်သုံးကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ဆိုလာပြားများကို လူအများအမြင်မှ ကွယ်ဝှက်ထားရှိသည်။ ထိုမှ ရရှိသော လျှပ်စစ်ဓါတ်အားဖြင့် ကျွန်းတစ်ကျွန်းလုံးကို ထောက်ပံ့ပေးထားသည်။

Victoria Milko | Frontier

ကျွန်းတွင်ရှိသော ပင်လယ်အော်များတွင် ရေငုပ်ပါက အပြာရောင် ခုံးကောင်များ၊ အမဲရောင် သံပခြုပ်များနှင့် ကြယ်ငါးများကို ကျောက်ဆောင်ကြားများတွင် တွေ့မြင့်ရသည်။ စိမ်းပြာရောင် ငါးလေးများက ပင်လယ်ရေ မျက်နှာပြင်တွင် ပြေးလွှားနေသည်ကိုလည်း တွေ့မြင်ရသည်။ 

သို့သော် တစ်ခါတစ်ရံတွင်မူ ပလက်စတစ်အိတ်များက ပင်လယ်ထဲမှ မျောပါလာတတ်သည်။ ၎င်းအိတ်များပေါ်တွင် ထိုင်း၊ မြန်မာနှင့် အင်္ဂလိပ်စာများ ရေးသားထားသည်ကို တွေ့ရသည်။ ပင်လယ်ရေ ပူနွေးလာမှုကြောင့် သန္တာကျောက်တန်းများက အရောင်များ ဖျော့တော့နေပြီး အချို့မှာ သေဆုံးကုန်ကြသည်။ စွန့်ပစ်ထားသော ငါးဖမ်းပိုက်ကွန်များက ယင်းကျောက်တန်းများတွင် ရစ်ပတ်နေသည်။ 

ဒိုင်းနမိုက်သုံးကာ ငါးဖမ်းခြင်း၊ ငါးများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ ငါးဖမ်းသင်္ဘောများ ကျောက်ချခြင်းတို့ကြောင့်လည်း သန္တာကျောက်တန်းများ ပျက်ဆီးလျှက်ရှိသည်ဟု Boulder Island တွင် လအတော်ကြာအောင် လေ့လာမှုများ ပြုလုပ်ခဲ့သော အဏဝါဇီဝဗေဒ ပညာရှင်လည်းဖြစ်၊ သမုဒ္ဒရာ လေ့လာရေး ပညာရှင်လည်းဖြစ်သော Ms Nues Figueras က ပြောကြားသည်။ 

၎င်းသည် တခြားသော သိပ္ပံပညာရှင် အနည်းငယ်နှင့်အတူ ထိုကျွန်း၏ ရေအောက် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားနေသူ ဖြစ်သည်။ 

Nues Figueras

“ကျွန်မတို့က ကမ်းပေါ်မျောတင်လာတဲ့ ငါးဖမ်းထောင်ချောက် အဟောင်းတွေကို သုံးပြီး လူဖန်တီးတဲ့ သန္တာကျောက်တန်းတွေ ရရှိအောင် လုပ်ဆောင်ပါတယ်။ ရှင်သန်နေသေးတဲ့ သန္တာကျောက်တန်း အပိုင်းလေးတွေကို စုစည်းပြီး ငါးဖမ်းပိုက်ကွန်တွေနဲ့ ချည်ထားပါတယ်။ သန္တာကျောက်တန်းတွေ မျိုးပွားလာအောင်ပါ” ဟု သူက ပြောကြားသည်။

ငါးဖမ်းထောင်ချောက်တွေနှင့် ပိုက်ကွန်များကို စုစည်းပြီး ပင်လယ်ကြမ်းပြင်တွင် စိုက်ချည်ထားပြီးနောက် ထိုအထဲတွင် စုဆောင်းထားသည့် သန္တာကျောက်တန်း အရှင်များကို ထည့်သွင်းခြင်းဖြစ်သည်။ ထို့ပြင် သန္တာကျောက်တန်း အသိုက်အမြုံအသစ်များကို ကြိုးများဖြင့် ချိတ်ဆက်ထားသည်။ 

ကမ္ဘာမြေကြီး ပူနွေးလာမှုကို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အပူချိန်ကို ခံနိုင်ရည်ရှိသော သန္တာကျောက်တန်း အရှင်များကို ရွေးချယ်အသုံးပြုထားသည်။ သို့မှသာ အသစ်ရှင်သန်လာသော သန္တာကျောက်တန်းများက အနာဂတ် ကမ္ဘာကြီး ပူနွေးလာမှုကို ခံနိုင်ရည်ရှိမည်ဖြစ်သည်ဟု Figueras က ဆိုသည်။ 

“ရည်ရွယ်ချက်က သန္တာကျောက်တန်း အသစ်တွေ စိုက်ပျိုးဖို့ မဟုတ်ဘူး။ ခံနိုင်ရည်ရှိတဲ့ သန္တာကျောက်တန်းတွေ မျိုးပွားနိုင်အောင် လုပ်ပေးတာပါ။ အချိန်ကြာလာတာနဲ့အမျှ သန္တာကျောက်တန်းတွေက မျိုးပွားပြီး တိုးပွားလာမှာပါ” ဟု ယခုလက်ရှိပင် မြင်တွေ့နေရပြီဖြစ်သော တိုးတက်မှုများကို ပြသရင်း သူက ပြောကြားသည်။

A research barge has been set up in Boulder Island's main bay. (Victoria Milko | Frontier)

A research barge has been set up in Boulder Island’s main bay. (Victoria Milko | Frontier)

“ဒီလို လူလုပ် သန္တာကျောက်တန်းကို စတင်တည်ဆောက်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ သန္တာကျောက်တန်း ပတ်ပတ်လည်မှာ ငါးတွေ အများကြီးကို တွေ့လာရတယ်။ သီတင်းပတ် အနည်းငယ်ကြတော့ ကျောရိုးမဲ့ ရေသတ္တဝါတွေကိုပါ တွေ့လာရတယ်” ဟု သူက ဆိုသည်။ 

ထိုသို့ သန္တာကျောက်တန်း ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်း၏ ရလဒ်ကို သူက သဘောကျလျှက် ရှိသည်။ ထို့ပြင် မြိတ်မြို့ တက္ကသိုလ်နှင့် ပူးပေါင်းပြီး သုတေသနများကို ချဲ့ထွင် လုပ်ဆောင်သွားပြီးမည်ဖြစ်ကာ ကျွန်းပေါ်တွင် အဏ္ဍဝါဇီဝဗေဒ ပညာရှင်တစ်ဦးကို ဂေဟစနစ် ထိန်းသိမ်းရေးအတွက် အချိန့်ပြည့် အလုပ်ခန့်ထားမည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က နမူနာကောင်း တစ်ခုကို ပြသချင်တာပါ။ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီဒေသကို နောင်လာမယ့် မျိုးဆက်တွေ ခံစား စံစားနိုင်ဖို့အတွက် ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်” ဟု Burchard က ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.