မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်သတင်း မမှန်ကန်ဟု မြန်မာ ငြင်းဆို

မြန်မာနဲ့ ဘင်္ဂလားရှေ့်နယ်စပ်မှာ မြန်မာနယ်ခြားစောင့်တပ်စခန်းက ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကို မြန်မာအစိုးရက ငြင်းဆိုခဲ့ပါတယ်။

အေအက်ဖ်ပီသတင်းဌာနက နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တဲ့သတင်းမှာ မြန်မာနိုင်ငံ၊ ရာမောင်ခါလီ လုံခြုံရေးစခန်းကနေ သေနတ်နဲ့ ၁၇ ချက်ပစ်ခတ်ခဲ့တာကြောင့် နွားကျောင်းနေတဲ့ အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်အရာရှိတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားရေးသားထားပါတယ်။

သေနတ်ရှပ်ထိသွားတဲ့ အဲဒီကောင်လေးဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇာက ဘာလုခါလီဒုက္ခသည်စခန်းမှာ နေထိုင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က မြန်မာနယ်ခြားစောင့်တပ်ထံ ကန့်ကွက်စာပေးပို့သွားမယ်လို့ အဲဒီအရာရှိက ပြောကြားပါတယ်။

ဒါ့အပြင် အခြားတာဝန်ရှိသူတစ်ဦးကလည်း ဒါဟာ ဒုက္ခသည်တွေ ပြန်ပို့မယ့်အစီအစဉ်ကို နှောင့်နှေးအောင် တမင်ဆောင်ရွက်တာဖြစ်တယ်လို့ သတင်းထဲမှာ ပြောကြားထားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ မြန်မာသံရုံးက နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒီသတင်းဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုထားပါတယ်။

မြန်မာသံရုံးအနေနဲ့ နယ်စပ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာဘက်က ပစ်ခတ်မှု တစုံတရာ မပြုလုပ်ခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်ကလည်း ကန့်ကွက်စာ ပေးပို့ထားခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုရေးသားဖော်ပြမှုမှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံမယ့် လုပ်ငန်းကို နှောင့်နှေးကြန့်ကြာအောင်၊ ဒါမှမဟုတ် မြန်မာနိုင်ငံကို ပြန်လိုတဲ့ ဒုက္ခသည်တွေ အထင်မှားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်လမ်းဆင်တာလို့ တုန့်ပြန်ထားပါတယ်။

ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနစ်သိန်းကျော်အနက် မြန်မာနိုင်ငံဘက်က စိစစ်ပြီးဖြစ်တဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံတဲ့လုပ်ငန်းတွေကို ယခုနိုဝင်ဘာလအတွင်း စတင်တော့မှာ ဖြစ်တယ်လို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ဒါဟာ ဒုက္ခသည်ပြန်လည်ခေါ်ယူရေးအစီအစဉ်ကို နှစ်နိုင်ငံသဘောတူညီခဲ့ပြီးနောက် လပေါင်းများစွာအပြီး ပထမဆုံး စတင်နိုင်တာဖြစ်ပါတယ်။

ဒီအစီအစဉ်အရ နိုဝင်ဘာ ၁၅ ရက်နေ့ကနေစတင်ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်ကို ပထမအသုတ်အဖြစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရစခန်းကနေ ပြန်လည်လက်ခံတော့မှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar