မြန်မာ့သြဘာ၏ စက်ရုံက ပြည်တွင်းအတွက် စိုက်ပျိုးရေးသွင်းအားစု ၅၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးမည်

မြန်မာနိုင်ငံ၌ လိုအပ်နေသည့် စိုက်ပျိုးရေးသွင်းအားစုများ၏ ၅၀ ရာခိုင်နှုန်းအား ဖြည့်ဆည်းပေးနိုင်မည့် စက်ရုံကို မှော်ဘီမြို့နယ်၌ သြဂုတ် ၁၉ ရက်နေ့တွင် မြန်မာ့သြဘာက ဖွင့်လှစ်ခဲ့သည်။

မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးသုံး ဓာတု ပစ္စည်းများ ဖျော်စပ်ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး တောင်သူများ၏ လက်ရှိ သွင်းအားစု ကုန်ကျစရိတ်များအား ပျမ်းမျှ ၂၀ ရာခိုင်နှုန်းခန့်အထိ သက်သာစေမည်ဟု မြန်မာ့သြဘာက ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် စိုက်ပျိုရေးလုပ်ငန်းသုံးဆေး အရည်အမျိုးအစားအစုံ လီတာပေါင်း ၁၀ ဒသမ ၃ သန်းနှင့် ဆေးအမှုန့်မျိုးစုံ ၅ ဒသမ ၅ တန်အား အဆိုပါစက်ရုံက ထုတ်လုပ်ရန် မျှော်မှန်းထားသည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ပိုးမွှားရောဂါ ကျရောက်မှုများ ပိုမို များပြားလာသည်နှင့်အမျှ သွင်းအားစုများ လိုအပ်ချက်မှာ ပိုမို အရေးပါလာကြောင်း မြန်မာ့သြဘာလုပ်ငန်းစု၊ ဥက္ကဋ္ဌ ဦးသတိုးဟိန်းက ပြောကြားသည်။

ထို့ပြင် ရုတ်တရက်ကျရောက်သော ရောဂါ ပိုးမွှားများ ဖြစ်ပေါ်လာပါက ဖြစ်ပွားသည့် အခြေအနေနှင့် လျှော်ညီစွာ အလျင်အမြန် ကာကွယ်နိုင်ရေးအတွက် စက်ရုံက ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါစက်ရုံမှ စိုက်ပျိုးရေးသုံး အရည်အသွေးမြင့် သွင်းအားစုများ ထုတ်လုပ်နိုင်ရန် အဆင့်မြင့် နည်းပညာများ အသုံးပြုထားပြီး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်ဟော်မုန်းဆေး အမျိုးအစား (၂၀၀)ကျော်ကို ထုတ်လုပ်သွားမည်ဟုဆိုသည်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှ စိုက်ပျိုးရေး ထုတ်ကုန်ုများ ပိုမိုတိုးတက်ထွက်ရှိရေးမှာ စိုက်ပျိုးရေးဧရိယာ တိုးချဲ့ရုံသာမက တစ်ဧက အထွက်နှုန်းများလည်း ပိုမိုတိုးတက်ရန် လိုအပ်ကြောင်းနှင့် ထိုသို့တိုးတက်စေရန် အရည်အသွေးပြည့်ဝသည့် သွင်းအားစုများ လုံလောက်စွာ သုံးစွဲနိုင်ရေးမှာ အရေးပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အဆိုပါစက်ရုံအတွက် မြန်မာ့သြဘာလုပ်ငန်းစုမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)က ဒေါ်လာ ၁၀သန်း၊ စုစုပေါင်း ဒေါ်လာ ၃၅ သန်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar