မြန်မာ့ရုပ်ရှင် အဆင့်အတန်း ခုထက် ပို မြင့်မားလာနိုင်မလား

လာမယ့် ၂၀၁၆ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာရုပ်ရှင်တွေကို တစ်ကားပြီးမှ တစ်ကား ရုံတင်ပြသနေရာကနေ တစ်ကားထက်ပိုတဲ့ ကားပြိုင်စနစ်နဲ့ ရုံတင်ပြသတော့မယ် 

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ့ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ လာမယ့် ၂၀၁၆ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မြန်မာရုပ်ရှင်တွေကို တစ်ကားပြီးမှ တစ်ကား ရုံတင်ပြသနေရာကနေ တစ်ကားထက်ပိုတဲ့ ကားပြိုင်စနစ်နဲ့ ရုံတင်ပြသတော့မယ် ဆိုတဲ့ သတင်းပါ။ ဒီလို အခြေအနေ ဖြစ်လာရတာဟာ ရုံပိုင်ရှင်နဲ့ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတွေ ကာလကြာရှည် ညှိနှိုင်းပြီးမှ ရလာတဲ့ ရလဒ် တစ်ခုပါ။

ဒီလို ရုပ်ရှင်ဇာတ်ကားတွေ အပြိုင် ရုံတင်ပြသရင် ပြည်သူတွေအတွက် ဘာတွေများ အကျိုးထူးလာမလဲ၊ မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းမှာရော ဘာ အပြောင်းအလဲတွေ ဖြစ်လာမှာလဲ၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းကရော မြင့်တက်လာနိုင်ဦးမလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ မြန်မာရုပ်ရှင်တွေကို တစ်ကားပြလို့ပြီးမှ နောက်တစ်ကား ရုံတင်ပြနေရာကနေ ဇာတ်ကားနှစ်ကား အပြိုင် ရုံတင်ပြခဲ့မယ် ဆိုရင် ပထမ ပြည်သူတွေမှာ ရွေးချယ်စရာ ပိုရှိလာမှာပါ။ ခါတိုင်း မြန်မာကားကြည့်ချင်ရင် ရုံတင်ထားတဲ့ တစ်ကားတည်းသော ကားကို ကြည့်ရင်ကြည့်၊ မကြည့်ရင် နိုင်ငံခြားကား ကြည့်ရမှာပါပဲ။

နောက်တစ်ချက်ကတော့ တစ်ကြိမ် တစ်ကား ရုံတင်နေရာကနေ အနည်းဆုံး တစ်ကြိမ် နှစ်ကား ရုံတင်တဲ့အတွက် မြန်မာရုပ်ရှင်ဇာတ်ကားကို အရေအတွက် နှစ်ဆ ကြည့်ကြရတော့မယ့် သဘောဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ပရိသတ်တွေဟာ အရင်က တစ်နှစ်ကို မြန်မာရုပ်ရှင်ဇာတ်ကား ကား ၂၀ လောက် ကြည့်ခွင့်ရမယ်ဆိုရင် ၂၀၁၆ မှာ ဇာတ်ကား ၄၀ လောက် ကြည့်ခွင့်ရနိုင်မှာဖြစ်ပါတယ်။

တကယ်လို့သာ ရုံပြိုင်ပြသတဲ့ စနစ်ကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်သူတွေ ပိုပြီး ကြိုးစားလာကြမယ် ဆိုရင် ပြည်သူတွေဟာ ပိုပြီး အရည်အသွေးရှိတဲ့ ဇာတ်ကားမျိုးတွေကိုလည်း ကြည့်ခွင့် ရကောင်း ရလာနိုင်ပါတယ်။ ဒါက ပြည်သူတွေအတွက် ရလာမယ့် အကျိုးထူးတွေပါ။

ဒီစနစ် ပြောင်းလဲမှုကြောင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူး ထုတ်လုပ်သူ လုပ်ငန်းရှင်တွေဘက်ကလည်း အများကြီး အကျိုးရှိပါလိမ့်မယ်။ လက်ရှိ စနစ်အရဆိုရင် ရိုက်ကူးပြီးသွားတဲ့ ဇာတ်ကား တစ်ကားဟာ ပြသခွင့်ရဖို့အတွက် အခြား ရုပ်ရှင် ဇာတ်ကားတွေနဲ့ အတူတူ ရုံတင်ရက် ရဖို့ တန်းစီရပါတယ်။ တစ်ကားပြီးမှ တစ်ကားရုံတင်ပြ ဆိုတဲ့ စနစ်အရ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်ဖို့ ကြာတဲ့ ကာလ ဟာ တစ်နှစ်ခွဲကနေ နှစ်နှစ် စွန်းစွန်း ရှိပါတယ်။

ပြောရရင် လက်ရှိ ရုံတင်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ နှစ်နှစ်ကျော်လောက်က ရိုက်ထားတဲ့ ဇာတ်ကားတွေပါ။ ဒီလို အချိန်အကြာကြီး စောင့်ရတဲ့အတွက် ကြုံရတဲ့ ပြဿ     နာကတော့ များပြားလှတဲ့ ရုပ်ရှင်ဇာတ်ကား ကုန်ကျစရိတ်တွေကို နှစ်ပေါက်သည်အထိ မြှုပ်နှံထားရတာ၊ ရိုက်ထားပြီးသား ဇာတ်ကား ခေတ်မမီတော့ဘဲ ဟောင်းသွားတာ စတဲ့ ပြဿ     နာမျိုးတွေ ကြုံရတာ ဖြစ်ပါတယ်။

လက်ရှိ ရုပ်ရှင်ဇာတ်ကား တစ်ကား ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် အနည်းဆုံး ကျပ်သိန်း ၁,၂၀၀ ကျော်ကနေ သိန်း ၂,၀၀၀ ဝန်းကျင် အကြားရှိပါတယ်။ နာမည်ကြီးမင်းသားတွေ ပါတာ၊ သရုပ်ဆောင် အများကြီးသုံးတာ၊ အထူးပြုလုပ်ချက်တွေ ထည့်သွင်းဖို့ အတွက် နိုင်ငံခြားမှာ သွားပြီး တည်းဖြတ်ရတာတွေပါ ရှိလာရင် ဇာတ်ကား တစ်ကား ကျပ် သိန်း ၃,၀၀၀ ကျော်ကနေ ၄,၀၀၀ နီးပါး ကုန်ကျစရိတ်ရှိပါတယ်။

သိပ်မကြာသေးခင်တုန်းက ရုံတင်ပြသွားတဲ့ ဒါရိုက်တာ ဝိုင်းရဲ့ လက်ပံ လိုဇာတ်ကားမျိုး၊ နင်စေရင် ဇာတ်ကားမျိုးဟာ အဲလို ကုန်ကျစရိတ်ကြီးမားတဲ့ ရုပ်ရှင်မျိုးတွေ ဖြစ်ကြပါတယ်။ ဒီလောက် ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံထားပြီး ငွေပြန်ပေါ်ဖို့ ကာလ အကြာကြီး စောင့်ဆိုင်းနေရတယ် ဆိုတာ စီးပွားရေး သဘောအရ မဖြစ်သင့်တဲ့ ကိစ္စပါ။

နောက်ထပ် ပြဿ     နာ တစ်ခုက မြန်မာကျပ်ငွေ ဖောင်းပွပြီး တန်ဖိုးကျဆင်းနေတဲ့ ပြဿ     နာပါ။ အချိန်အကြာကြီး ငွေကြေးရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရတဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေအတွက် နောင် ငွေပြန်ပေါ်တဲ့အခါ ကျပ်ငွေ တန်ဖိုး ကျဆင်းနေလို့ ပိုပြီး နစ်နာရပါတယ်။ အခု ရုံပြိုင်ပြသမှုကြောင့် အဲဒီ အချိန် တစ်ဝက်လောက် သက်သာလာမှာ ဖြစ်သလို၊ ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဆုံးရှုံးရမယ့် ငွေကြေးပမာဏလည်း လျော့နည်းသွားပါလိမ့်မယ်။

နောက်ပြဿနာ တစ်ခုက ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ဟောင်းနွမ်း ခေတ်မမီ ဖြစ်သွားတာပါ။ နမူနာအားဖြင့် ကျင်းပပြီးသွားတဲ့ ရွေးကောက်ပွဲ အကြိုကာလ ကို ရည်ရွယ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင်က “ အီဖေကိုယ်တို့ ရွေးကောက်ပွဲ” ဆိုတဲ့ ဇာတ်ကားတစ်ကား ရိုက်ပါတယ်။ ၂၀၁၄ ဇွန်လ ဝန်းကျင်မှာ ဇာတ်ကားပြီးပါတယ်။

ရုံတင်ဖို့ တန်းစီတော့ ၂၀၁၆ ခုနှစ်မှ ပြခွင့်ရပါတယ်။ ရွေးကောက်ပွဲအကြိုကာလကို မမီတော့ပါဘူး။ ဒီအတွက် ဆုံးရှုံးမှု ဘယ်လောက်ကြီးမလဲ ခန့်မှန်းနိုင်ပါတယ်။ အဲလို အခြေအနေတွေကြောင့် မြန်မာရုပ်ရှင် ထုတ်လုပ်သူတွေဟာ လတ်တလော ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းဇာတ်ကွက်၊ အခြေအနေတွေကို ရိုက်ကူးဖို့ မစဉ်းစားတော့ပါဘူး။ ဘယ်အချိန်ကြည့်ကြည့် အဆင်ပြေနိုင်မယ့် အချစ်အလွမ်းဇာတ်ကားနဲ့ ဟာသ ဇာတ်ကားတွေကိုပဲ ရိုက်ကူးကြပါတော့တယ်။ ပြောရရင် မြန်မာရုပ်ရှင် ဇာတ်ကား အဆင့်အတန်း နိမ့်ရတာ အဲဒီ အချက်လည်း ပါပါတယ်။

တကယ်တော့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြသခဲ့တာဟာ အရင်ခေတ် ကတည်းကပါ။ ဒါကြောင့်လည်း အဲဒီခေတ်က တစ်နှစ်ကို ရုပ်ရှင်ဇာတ်ကား ၅၀-၆၀ မက ထွက်ပြီး ရုံတင်ပြသနိုင်ကြ သလို အပြိုင်အဆိုင် ပိုပိုပြီးကောင်းအောင် ရိုက်ကူးကြတာကြောင့် ရုပ်ရှင်အဆင့်အတန်းလည်း အထိုက်အလျောက် မြင့်မားခဲ့ပါတယ်။

ဒါပေမယ့် အကြောင်း တစ်ခုတော့ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံမှာ ရုပ်ရှင်ပြသနိုင်တဲ့ ရုပ်ရှင်ရုံတွေ များတာကလည်း တကြောင်းပါဝင်လို့ပါ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ပြောရမလား၊ စစ်အစိုးရ တက်လာတဲ့ ၁၉၈၈ နောက်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနဟာ အစိုးရအဖွဲ့ သဘောတူညီချက်နဲ့ ရုပ်ရှင်ရုံ အတော်များများကို ရောင်းစားခဲ့ပါတယ်။

စာချုပ်ထဲမှာ ရုပ်ရှင်ရုံ ဝယ်ယူထားသူတွေ အနေနဲ့ ဘာအဆောက်အအုံအဖြစ်ပဲ ပြန်ပြင်ဆောက်ဆောက် ရုပ်ရှင်ရုံတွေ ထည့်သွင်းတည်ဆောက်ဖို့ သဘောတူရပေမယ့် အများစုက ပြန်မထည့်သွင်းခဲ့ပါဘူး။ အဲလို ရုပ်ရှင်ရုံတွေ နည်းသွားတဲ့ အခြေအနေအောက်မှာ လက်ရှိ ရုံပြိုင်စနစ်နဲ့ ပြသနိုင်ဖို့ အတွက် ရုပ်ရှင်ရုံတွေ အများစု ပိုင်ဆိုင်တဲ့ မင်္ဂလာ ကုမ္ပဏီ အုပ်စုနဲ့ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတွေ ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆို ညှိနှိုင်းပြေလည်မှု တစ်ခု ရပြီမို့ ရုပ်ရှင်တွေကို ရုံပြိုင်စနစ်နဲ့ ပြတော့မှာ ဖြစ်သလို၊ ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူ၊ ဇာတ်ကားထုတ်လုပ်သူ၊ ရုံပိုင်ရှင် အားလုံး သုံးဦးသုံးဖလှယ် အကျိုးရှိမယ့် ကိစ္စကြီး ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ရုပ်ရှင် လုပ်ငန်း ဒီထက် တိုးတက်လာရင် နိုင်ငံခြားက ဖက်စပ် လုပ်ကိုင်မယ့်သူတွေ၊ ရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း ဝင်ရောက်လာနိုင်မယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.