မြန်မာအစိုးရ ဒုက္ခသည်တွေကို တကယ်ပဲ ပြန်လက်ခံလိုစိတ် ရှိပါရဲ့လား

ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတွေက ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမှာဖြစ်ပေမဲ့ ပြန်ဝင်လာမယ့်ဒုက္ခသည်တွေရဲ့စားဝတ်နေရေးအတွက် အာမခံပေးမယ့် အချက်ကိုတော့ သိပ်မတွေ့ရပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်က ရခိုင်ပြည်နယ်မှာ စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်- မောင်တော လမ်းမကြီးပေါ်က အဓိကကျတဲ့ တံတားကြီး ၅ စင်းကို တပြိုင်နက်တည်း ဖွင့်လှစ်ပေးလိုက်ပါတယ်။ အဲဒီတနေ့တည်းမှာပဲ ပုဏ္ဏားကျွန်းကနေ ရသေ့တောင်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ရသေ့တောင် ဓာတ်အားခွဲရုံကိုပါ အစိုးရတာဝန်ရှိသူတွေ ဖွင့်လှစ်ပေးပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်ထဲက ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေပါ။ အစိုးရအနေနဲ့ ကိုဖီအာနန် အစီရင်ခံစာပါ အကြံပေးချက်တွေအတိုင်း ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့ ဆောင်ရွက်နေတာတွေထဲက တချို့တစိတ်တပိုင်းပါ။ ဒီလိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေခြင်းဟာ ရခိုင်ပြည်နယ်ထဲက ပဋိပက္ခပြဿနာ ဖြေရှင်းရေးအတွက် အထောက်အပံ့ ဖြစ်စေအောင် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အကောင်အထည်ဖော်နေတာတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး၊ ပြန်လည်နေရာချထားပေးရေး ကိစ္စတွေမှာ အစိုးရက ဘာတွေဆောင်ရွက်နေသလဲ၊ ဒီအစီအစဉ်တွေကရော အောင်မြင်မှုရနိုင်ပါ့မလားဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေကနေ ပင်လယ်ကွေ့ပဲ ခြားတဲ့ အငူမော်ဘက်အခြမ်း ရောက်သွားတယ်ဆိုရင်ပဲ ဖွံ့ဖြိုးရေးလုပ်နေတဲ့ လုပ်ငန်းခွင်ကို တွေ့ကြရမှာဖြစ်ပါတယ်။ နာမည်ကျော် အေးရှားဝေါလ်ကုမ္ပဏီဟာ မိုင် ၄၀ ကျော်ရှည်တဲ့ အငူမော်-မောင်တောလမ်းကို ကွန်ကရစ်လမ်းအဖြစ် စက်ယန္တရားကြီးတွေ အသုံးပြုပြီး ခင်းနေတာပါ။ အခုဆို ခရီးလည်း အတော်ရောက်နေပါပြီ။ ဒီလမ်း ခင်းပြီးသွားရင် စစ်တွေ တစ်ဖက်ကမ်း အငူမော်ကနေ မောင်တောနယ်စပ်ကို တစ်နာရီကျော် အချိန်လောက်နဲ့ သွားနိုင်မှာဖြစ်ပြီး ကုန်စည်ကူးသန်းရေးအတွက် လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

တပြိုင်နက်တည်း အဲဒီကားလမ်းနဲ့ ဆက်မိမယ့် မေယုတောင်ကျော်လမ်းလည်း ဖောက်နေပါတယ်။ ဒါ့အပြင် အဲဒီကားလမ်းတလျှောက်နဲ့ မောင်တောမြောက်ပိုင်းသွားတဲ့ ကြိမ်ချောင်းလမ်းမှာ မြန်မာ့ဆက်သွယ်ရေး MPT က တာဝါတိုင်တွေ အများကြီး စိုက်ထူပြီး ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်နိုင်အောင် လုပ်နေပါတယ်။ အခုကိုပဲ အဲဒီလမ်းတလျှောက် မိုဘိုင်းဖုန်း ဆက်သွယ်လို့ရနေပြီး အင်တာနက်လိုင်းလည်း ကောင်းနေပါတယ်။ ဒါက ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်နေတာတွေပါ။

အခြားတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် မူဆလင်တွေကို ပြန်လက်ခံမယ့် ကြိုဆိုလက်ခံရေးစခန်းနှစ်ခု တောင်ပြိုလက်ဝဲနဲ့ ငါးခူရမှာ ဆောက်လို့ပြီးသွားပါပြီ။ အဲဒီက စစ်ဆေးပြီးတဲ့သူတွေကို ယာယီထားမယ့် လူ ၃ သောင်းဆန့် လှဖိုးခေါင်ကြားစခန်း ဆောက်နေတာလည်း အတော်လေး ခရီးရောက်နေပါပြီ။ ဒါပေမဲ့ ခက်နေတာက တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မူဆလင်တွေ ဒီကနေ့ထိ တယောက်တလေမှ ရောက်မလာနိုင်သေးတာပါ။

ထွက်သွားတဲ့ မူဆလင် အရေအတွက်ကလည်း မနည်းပါဘူး။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေဘက်ကလာတဲ့ သတင်းတွေအရ လူဦးရေ ၆ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ မြန်မာဘက် တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ပြောတာကတော့ မောင်တောခရိုင်မှာ မူဆလင် တစ်သန်းကျော် ရှိတဲ့အနက် ၅၃၅,၀၀၀ ကျော် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

မီးလောင်သွားတဲ့နေအိမ်၊ အိမ်ရာတွေရှိရာ ကျေးရွာတွေကို ရှင်းလင်းနေတာ အတော်လေး ခရီးရောက်နေပါပြီ။ သစ်ပင်စုစုလေးတွေနဲ့ ရှိနေတတ်တဲ့ မီးလောင်ပြင်ကျေးရွာတွေက သစ်ပင်တွေကို ခုတ်လှဲပစ်တာအပါအဝင် အားလုံးကို ရှင်းလင်းပြီးနောက်ပိုင်း ဘူဒိုဇာနဲ့ထိုး မြေညှိတာမျိုး လုပ်ပါတယ်။

ဒါဟာ မူဆလင် အရေအတွက်ရဲ့ ၅၃ ရာခိုင်နှုန်းကျော် ဖြစ်တာမို့ အလွန်များတဲ့ အရေအတွက်ပါ။ အစိုးရဘက်က အပြောအရတော့ ငါးခူရနဲ့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း တစ်ခုစီကနေ တစ်နေ့ အယောက် ၁၅၀ လောက် စိစစ်လက်ခံနိုင်တယ်၊ နှစ်ခုပေါင်းဆို တစ်နေ့ အယောက် ၃၀၀ လောက်ပါ။ ဒီနှုန်းအတိုင်း တွက်လိုက်ရင် အလုပ်လုပ်ရက် တစ်ပတ်ကို လူ ၁,၅၀၀ လောက် စိစစ်လက်ခံနိုင်မှာဖြစ်ပြီး တစ်နှစ်လုံး အင်ပြည့်အားပြည့် စိစစ်လက်ခံရင်တောင်မှ လူ ၇၀,၀၀၀ကျော်ပဲ လက်ခံနိုင်မယ့် သဘောဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အရဆိုရင်တောင် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်သွားတဲ့ ၅ သိန်းကျော် ပြန်လက်ခံဖို့ ၇ နှစ်ကျော်ကျော်လောက် အချိန်ယူရမယ့်အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒါဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားတဲ့ ၂ နှစ်အတွင်း ဒုက္ခသည်တွေ ပြန်ခေါ်ရေး ဆောင်ရွက်ဖို့ဆိုတာနဲ့ ခြားနားနေတာ တွေ့နိုင်ပါတယ်။

ဒီထက် ပိုခက်ခဲမယ့် ပြဿနာကတော့ ပြန်လာမယ့် မူဆလင်တွေရဲ့ နေထိုင်စားသောက်ရေးပါ။ ၂၀၁၇ သြဂုတ် ၂၅ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း မောင်တောမြို့နယ် တစ်ခုတည်းမှာပဲ မူဆလင်နေအိမ် ၃၃,၀၀၀ ကျော်၊ တနည်းအားဖြင့် ၆၅ ရာခိုင်နှုန်းလောက် မီးရှို့ခံရပါတယ်။ ဘူးသီးတောင်ဘက်မှာတော့ အိမ်ခြေ ၂,၆၀၀ ကျော်၊ ၉ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်။ မောင်တောခရိုင်တစ်ခုလုံးဆိုရင် မူဆလင်အိမ်ခြေစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ အိမ်ခြေ ၃၅,၆၀၀ ကျော် မီးလောင်သွားပါတယ်။

အခု မူဆလင်တွေ ပြန်လာမယ်ဆိုရင် အဲဒီမီးလောင်သွားတဲ့ အိမ်တွေအတွက် တစ်လုံးမှ ပြန်မဆောက်ရသေးပါဘူး။ အခုနောက်ပိုင်း အစိုးရဟာ မီးလောင်သွားတဲ့နေအိမ်၊ အိမ်ရာတွေရှိရာ ကျေးရွာတွေကို ရှင်းလင်းနေတာ အတော်လေး ခရီးရောက်နေပါပြီ။ သစ်ပင်စုစုလေးတွေနဲ့ ရှိနေတတ်တဲ့ မီးလောင်ပြင်ကျေးရွာတွေက သစ်ပင်တွေကို ခုတ်လှဲပစ်တာအပါအဝင် အားလုံးကို ရှင်းလင်းပြီးနောက်ပိုင်း ဘူဒိုဇာနဲ့ထိုး မြေညှိတာမျိုး လုပ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရခိုင်တည်ဆောက်ရေး တာဝန်ရှိတဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ နေအိမ်တွေကို စနစ်တကျ ပြန်လည်နေရာချထားဖို့ ရှင်းလင်းမှုတွေ လုပ်ရတာလို့ ပြောထားပါတယ်။ ရခိုင်ပြည်နယ် တာဝန်ရှိသူတွေ ပြောတာကတော့ ပြန်ဝင်လာမယ့် မူဆလင်တွေကို သူတို့ကျေးရွာ၊ ဒါမှမဟုတ် အနီးအနားမှာ နေရာချထားပေးမှာမဟုတ်၊ နေရာချထားပေးသင့်တဲ့ သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ပြန်နေရာချထားပေးမယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ မူဆလင်တွေ ပြန်လာရင် သူတို့ကျေးရွာ တည်ရှိခဲ့တယ်ဆိုတဲ့ နေရာတွေကိုတောင် မှတ်မိတော့မှာမဟုတ်ဘဲ သီးခြားနေရာချထားပေးတဲ့ နေရာတွေမှာပဲ နေရမယ်ဆိုတဲ့ သဘောပါ။

ဒီထက်ဆိုးတာက စားဝတ်နေရေး ပြဿနာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိနေထိုင်နေကြတဲ့ မူဆလင် အများစုဟာ ရေလုပ်ငန်း မလုပ်နိုင်တာ၊ ကျွဲနွားလို လယ်လုပ်ကိရိယာတွေ ဆုံးရှုံးကုန်ပြီး လယ်မလုပ်နိုင်တာကြောင့် WFP လို အဖွဲ့မျိုးရဲ့ အထောက်အပံ့နဲ့ စားသောက် အသက်ရှင်နေကြတဲ့ အနေအထားပါ။

တကယ်လို့သာ ထွက်သွားတဲ့ လူ ၅ သိန်းကျော်စလုံးသာ ပြန်လာရင် အဲဒီလူတွေ နေထိုင်စားသောက်ရေး မတွေးရဲစရာပါပဲ။ အစိုးရရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေပုံကို အသေအချာ ပြန်ဆန်းစစ်ကြည့်ရင် ထွက်သွားသူတွေအားလုံး ပြန်လက်ခံရေး၊ သူတို့တွေ နေထိုင်၊ လုပ်ကိုင်စားသောက်နိုင်ရေး အကူအညီပေးဖို့ ဆိုတာကို တကယ်စိတ်ပါလက်ပါ အကောင်အထည်ဖော်နေပါရဲ့လား ဆိုတာကတော့ အများကြီး သံသယဖြစ်စရာ ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar