ကိုယ်စားအမျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် ရှင်းပြစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း
နေပြည်တော်၊ နိုဝင်ဘာ ၂၄
ဖွံ့ဖြိုးမှု အနည်းဆုံး ၄၄ နိုင်ငံ LDC တွင် ပါဝင်နေသည့် မြန်မာနိုင်ငံသည် နောက်ထပ် ခြောက်နှစ်အကြာတွင် LDC အဖြစ်မှ လွတ်မြောက်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားအမျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။
“ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံထဲက လွတ်မြောက်ဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ တစ်ဦးချင်းထုတ်လုပ်မှုနဲ့ တစ်ဦးချင်းဝင်ငွေအချိုး GNI per capital နဲ့ နောက်ပြီးတော့ HNI နှစ်ခုကို ကျွန်တော်တို့ပြည့်မီနေပြီ ဖြစ်လို့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်းGraduation from LDC အဆင့်တွေကို စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
“ကုလသမဂ္ဂကို ကျွန်တော်တို့သည် LDC မှ လွတ်မြောက်လိုပါကြောင်းကို တရားဝင် တင်ပြပြီး ဖြစ်ပါတယ်။ UN က ချမှတ်ပေးတဲ့ ဆက်လက်ဆောင်ရွက်ရမယ့် လမ်းကြောင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ်လောက်မှာစပြီးအစစ်ဆေးခံရမှာ ဖြစ်ပါတယ်။ စစ်ဆေးခံမှု သုံးနှစ်ကြာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစောဆုံးဟာ ၂၀၂၀- ၂၁ ကျမှသာလျှင် လွတ်မြောက်နိုင်ပါမယ်” ဟု၎င်းက ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ပေးပို့သော ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးစတုတ္ထနေ့၌ လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးတို့က ဆွေးနွေးခဲ့ကြသည့်အပေါ် ၎င်းက ပြန်လည် ရှင်းလင်းဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်နေခြင်းမှ မည်သို့လွတ်မြောက်နိုင်မည်နည်းဟူသော ဝေဖန်ထောက်ပြမှုအပေါ် ဒေါက်တာကံဇော်က ရှင်းပြခဲ့ခြင်းဖြစ်သည်။
မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ကလည်း အစိုးရစီမံကိန်းများသည် လက်တွေ့မကျသော၊ မထိရောက်သော လက်ညှိုးထိုးစီမံကိန်းများသာ ဖြစ်နေကြောင်းဝေဖန် ဆွေးနွေးခဲ့သေးသည်။
ထိုအချက်နှင့်ပတ်သက်၍လည်း ပြည်ထောင်စုဝန်ကြီးက “လက်ညှိုးထိုးစီမံကိန်းများလို့ခေါ်တဲ့ indicative plan ကို ကျွန်တော်တို့အစိုးရစတက်ကတည်းက မသုံးပါဘူး။ အခုအချိန်မှာဆိုလို့ရှိရင် ပြည်သူများပါဝင်ဆောင်ရွက်နိုင်တဲ့ စီမံကိန်းတွေကို သုံးပြီး အောက်ခြေက စတင်ရေးဆွဲတဲ့ စီမံကိန်းကို သုံးပါတယ်။ မြို့နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများကပုဂ္ဂိုလ်များ ပါဝင်ပြီး ပြည်သူတွေ ပါဝင်နိုင်မယ့် စီမံကိန်းတွေကို ရေးဆွဲတာဖြစ်ပါတယ်” ဟုရှင်းပြခဲ့သည်။
ထိုသို့ ဆောင်ရွက်နိုင်ခြင်းကြောင့်လည်း Graduation from LDC ကို ဆက်လက်ဆောင်ရွက်နိုင်သည့် အခြေအနေသို့ရောက်လာရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“LDC နိုင်ငံကလွတ်ဖို့ ညွှန်ကိန်းသုံးခုရှိရာမှာ ပထမ နှစ်ခု ပြည့်စုံရင် UN က နှစ်နှစ် စောင့်ကြည့်ပါတယ်။ နှစ်နှစ်ဆက်တိုက် ပြည့်မီမှ တတိယနှစ်မှာ သူတို့ monitoring အဖွဲ့ရောက်လာပြီး ကျွန်တော်တို့ တင်ပြတဲ့ စာရင်းဇယားတွေဘယ်လောက်မှန်သလဲ၊ စစ်ဆေးပါမယ်။ အဲဒီ team ကို ၂၀၁၇-၂၀၁၈ လောက်မှာသူတို့စ လွှတ်မှာပါ။ ၂၀၂၀ နဲ့ ၂၀၂၁ လောက်မှာလာအိုတို့၊ ကျွန်တော်တို့ဟာ graduation ဖြစ်သင့်ပါပြီလို့ ထောက်ခံတဲ့ team ကိုတင်ရဦးမှာ၊ LDC ကော်မတီကိုတင်ပြီးမှ အဲဒီကော်မတီအစည်းအဝေးက ဆုံးဖြတ်မှာ။ အခုလိုသွားနေတဲ့ အခြေအနေနဲ့ဆိုရင် ၂၀၂၁ လောက်မှာ LCD အဖြစ်က လွတ်ပါပြီ” ဟုလည်း ဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေ အပြီးတွင် မီဒီယာကို ဖြေကြားခဲ့သည်။
LDC နိုင်ငံများကိုပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားဖွံ့ဖြိုးရေးအစီအစဉ်များအတွက် အထောက်အပံ့ များစွာပေးသဖြင့် နိုင်ငံအချို့က LDCအဖြစ် ဆက်လက် ရပ်တည်သွားလိုကြသည်ဟု ၎င်းကပြောသည်။
” LDC ၄၄ နိုင်ငံတွေထဲမှာလွတ်မြောက်ဖို့လုပ်နေသူတွေ ရှိသလိုတချို့နိုင်ငံတွေကျတော့ မလုပ်ကြသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ LDCနိုင်ငံတွေ ရတဲ့ အခွင့်အရေးတွေကအများကြီးပဲ။ ကျွန်တော်တို့ကျတော့ LDC ဖြစ်တာ ၁၉၈၇ ကတည်းကပေါ့၊ ဆိုရှယ်လစ်ခေတ် နောက်ဆုံးပိုင်းမှာ ဖြစ်တာ။ တကယ်တမ်း LDC ဖြစ်တဲ့ ၁၉၈၈ မှာကြွေးတွေ အများကြီးလျှော်ပေးတယ်။ ဒါပေမယ့် ၁၉၈၈ မှာ ပိတ်ဆို့ခံလိုက်ရတော့ နာမည်သာ LDC ဖြစ်တယ်၊ ဘာအခွင့်အရေးမှ မရခဲ့ဘူး။ နိုင်ငံအနေနဲ့တကယ်ကို နစ်နာတယ်” ဟု၎င်းက ပြောသည်။
LDC ဆိုသည်မှာဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းတစ်ခုသာဖြစ်ပြီး ရပိုင်ခွင့်များစွာရှိကြောင်းလည်း အစိုးရက ခံယူထားသည်။
“ကျွန်တော်တို့အစိုးရ၂၀၁၁ မှာ တက်ပြီး ၁၈ လ စောင့်ကြည့်တယ်၊ ၂၀၁၂ နိုဝင်ဘာလကျမှ normal country ပြန်ဖြစ်တယ်။ အဲဒီပုံမှန်နိုင်ငံ ပြန်ပေးတဲ့အခြေအနေဖြစ်အောင် ကျွန်တော်တို့ တော်တော်ကြီးကြိုးစားခဲ့ရတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့ကို ရိက္ခာလောက်ပဲပေးတာ။ ကျန်တာဘာအကူအညီမှ မပေးဘူး။ အဲဒီဟာကလည်း ကုလသမဂ္ဂကပါ sanction သဘောမျိုးထဲမှာပါခဲ့တာ။ UN ရဲ့ သတ်မှတ်ချက်ထဲက ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ sanction ကြောင့် ကျွန်တော်တို့ မရခဲ့ဘူး။ အာဖရိက နိုင်ငံတွေ ရတဲ့ အခွင့်အရေးတွေက တော်တော်လေးကောင်းတယ်” ဟုလည်း ဝန်ကြီးကမီဒီယာကို ရှင်းပြသည်။
မြန်မာနိုင်ငံသည် LDC အဖြစ်မှ လွတ်ဖို့ ကြိုးစားချိန် ခြောက်နှစ်ခန့်ကျန်ရှိနေရာ ထိုကာလအတွင်း ယခင်ကမရခဲ့သည့်အခွင့်အရေးများကို အရယူနိုင်မည်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးမှုအတွက် အထောက်အကူများစွာဖြစ်နိုင်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
သတင်း – စိုးသန်းလင်း