မြန်မာပြည်၏ အကြီးမားဆုံး LGBT ပွဲတော် ရန်ကုန်၌ ထပ်မံ ကျင်းပမည်

အိုလီဗာ ဆလိုး

စတုတ္ထအကြိမ်မြောက် &Proud LGBT ပွဲတော်ကို ရန်ကုန်မြို့တော်တွင် ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက် ကျင်းပခြင်းအားဖြင့် လိင်တူစုံမက်သူများအပေါ် အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်တစ်ခုကို ရန်ကုန်သို့ ယူဆောင်လာရန် စီစဉ်နေသည်။ ထိုသို့အပြုသဘောမြင်ပေးခြင်းမှာ ၎င်းတို့အပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုတို့ကို ဆန့်ကျင်သော သဘောထားလည်း ဖြစ်သည်။

ပွဲများ၏ ပထမဆုံးအပိုင်းကို ဇန်နဝါရီ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ရန်ကုန်မြို့လယ် သခင်မြပန်းခြံတွင် ကျင်းပမည်ဖြစ်သည်။ အစီအစဉ်များကို ဇန်နဝါရီ ၂၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စတင်မည်ဖြစ်ပြီး ဂိမ်းကစားပွဲများ၊ တေးသံရှင် ဖြူဖြူကျော်သိန်း၏ ဖျော်ဖြေမှုအပြင် ဖိလစ်ပိုင်ရုပ်ရှင် Anita’s Last Cha Cha ကိုလည်း ပြသမည်ဖြစ်သည်။ ညနေပိုင်းတွင် ပိုမိုမြူးထူး ပျော်ရွှင်ဖွယ်ကောင်းသည့် ပွဲဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်၏ ကျော်ကြားသည့် FAB ပါတီကို လက်ခံကျင်းပခြင်းအပါအဝင် ဧည့်ခံဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။

ယခုနှစ်ပွဲတော်၏ အထင်ကရအပိုင်းကို သခင်မြပန်းခြံတွင် ဇန်နဝါရီ ၂၈ ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ပထမဆုံး Drag Olympics ပွဲကို ကျင်းပမည်ဖြစ်သည်။ ယင်းပွဲတွင် မတူညီသော ပြိုင်ပွဲသုံးမျိုးဖြစ်သည့် ခုံမြင့်ဖိနပ်စီးပြေးပွဲ၊ hoola-hooping ပြိုင်ပွဲနှင့် လက်ကိုင်အိတ်ပစ်ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲအတွက် အတွေ့အကြုံမလိုအပ်ပဲ မက ကျားလိုဝတ်၊ သို့မဟုတ် ကျားက မလိုဝတ်ကာ ဖျော်ဖြေသူဖြစ်လျှင်လည်း ပရော်ဖက်ရှင်နယ်ဖြစ်ရန်မလိုဟု စီစဉ်သူများက ပြောသည်။ အနိုင်ရသူသည် သရဖူနှင့် စလွယ်ကို အိမ်သို့ယူသွားနိုင်ပြီး မြန်မာ့ Drag Olympics ပွဲတွင် ပထမဆုံးအနိုင်ရသူဟူသည့် ထူးခြားသည့်ဘွဲ့ကို ပိုင်ဆိုင်မည်ဖြစ်သည်။ ဇန်နဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် LGBT အရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်း၏ ဝတ္ထုကို ရိုက်ကူးထားသော “ဒီလိုအချစ်မျိုး” (This Kind of Love) ရုပ်ရှင်ကို ကြည့်ရှုရမည့်အပြင် ဒီဂျေများ၊ ဂီတပညာရှင်များ၏ ဖျော်ဖြေမှုများကိုလည်း ကြည့်ရှုခံစားရမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ပွဲများကို စမ်းချောင်းမြို့နယ်ရှိ ပြင်သစ် ယဉ်ကျေးမှုဌာန (French Institute) သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်သည်။ လေးရက်ကြာပွဲတော်တွင် ဖိလစ်ပိုင်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ရုပ်ရှင်ကားများအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ရုပ်ရှင်ကား ၂၃ ကားကို ပြသပေးရန် စီစဉ်ထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လူကိုယ်တိုင် ဖျော်ဖြေမှုငါးခုနှင့် ပွဲတော်အတွက် ထုတ်လုပ်ထားသည့် မြန်မာမှတ်တမ်းရုပ်ရှင်ကား နှစ်ကားကိုလည်း ပြသမည်ဖြစ်သည်။ ပွဲတော်၏ နောက်ဆုံးညဖြစ်သည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် နောက်ထပ် ရုပ်ရှင်ကားများပြသမည်ဖြစ်ပြီး ဆွေးနွေးပွဲတစ်ခုနှင့် ဖျော်ဖြေပွဲတို့လည်း ပြုလုပ်ပေးမည်ဖြစ်သည်။ လိင်ပြောင်းလူ့အဖွဲ့အစည်းကို လအနည်းငယ် အချိန်ယူ မှတ်တမ်းပြုစုခဲ့သည့် မြန်မာဓါတ်ပုံဆရာမ မရီတာခင်၏ ဓါတ်ပုံများကိုလည်း French Institute တွင်ပြသသွားမည်ဖြစ်သည်။

“လူတွေက ဒီအကူးအပြောင်းကို ဖြတ်သန်းသွားတဲ့အခါ ခန္ဓာကိုယ်ပိုင်း အပြောင်းအလဲတွေသာမက သူတို့ရဲ့ အတွင်းစိတ်နဲ့ စိတ်အခြေအနေတွေပါ ပြောင်းသွားပါတယ်” ဟု မရီတာခင်က Frontier ကို ပြောသည်။ “ကျွန်မအဓိက ပြောချင်တာက သူတို့ ရင်ဆိုင်ရတဲ့ အခက်အခဲ အကျပ်အတည်းတွေပါ။ ပြီးတော့ သူတို့ရဲ့ ခွန်အားနဲ့ သတ္တိကိုလည်း ပြချင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်မမျှော်လင့်တာက လိင်ပြောင်းသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်သူတွေဖြစ်လာဖို့ရယ်၊ နောက်ပြီး သူတို့ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ကမ္ဘာကို ပြနိုင်ရမယ်” ဟု ၎င်းကပြောသည်။

ပထမဆုံး Proud LGBT ပွဲကို ၂၀၁၄ ခုနှစ်က ရန်ကုန်တွင် ကျင်းပခဲ့ပြီး Colors Rainbow၊ YG Events နှင့် Abadi Art တို့က စီစဉ်ခဲ့သည်။

နောက်ထပ်သိလိုသည့် အချက်အလက်များအတွက် www.andproud.net. တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.