အေအက်ဖ်ပီ
လူမှုကွန်ရက်ဖြစ်သည့် Facebook ၏မူဝါဒသည် ရက်စက်ကြမ်းကြုတ်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရိုဟင်ဂျာ မူစလင်များအပေါ် အမနာပပြောကြားချက်များကို ဖြန့်ဝေပေးနေသည်ဆိုသည့် ကုလသမဂ္ဂအရာရှိများ၏ ပြင်းထန်သည့် ဝေဖန်မှု ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် အမုန်းစကားများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နေပြီဟု Facebook က မတ် ၁၃ ရက်နေ့တွင် တုန့်ပြန်ခဲ့သည်။
ရိုဟင်ဂျာများအပေါ် ရန်မီးပွားစေရန် ရည်ရွယ်သည့် ရေးသားပြောဆိုမှုများကို ပိတ်ပစ်ရန် ကြီးမားလာသည့်ဖိအားကို Facebook က ရင်ဆိုင်နေရသည်။ ရိုဟင်ဂျာများမှာ စစ်တပ်က ဦးဆောင်သည့် လူမျိုးစုအလိုက် ရှင်းလင်းမှုများ၏ သားကောင်များဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ခဲ့သည့် စစ်တပ်၏ စစ်ဆင်ရေးမှာ ပြည်ပတွင် ပြင်းထန်စွာ ဝေဖန်ခံနေရသော်လည်း အစ္စလာမ်ကြောက်မုန်းရောဂါ နှစ်ပေါင်းများစွာ စွဲကပ်နေသည့် ဗုဒ္ဓဘာသာဝင်အများစု ရှိနေသည့် မြန်မာနိုင်ငံတွင်မူ ကျယ်ပြန့်သည့် ထောက်ခံမှု ရရှိနေသည်။ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးရန် တာဝန်ပေးခံရသော ကုလသမဂ္ဂ အရာရှိနှစ်ဦးက ကုလ လူ့အခွင့်အရေးကောင်စီ ကြားနာမှုတစ်ခုတွင် Facebook ကို ဝေဖန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံအတွက် ကောင်းသည်ဆိုးသည်ကို မေးမြန်းသည့်အခါ ကောင်းလည်းကောင်း၊ ဆိုးလည်းဆိုးကြောင်း၊ သို့သော်လည်း ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပေါ် အကြမ်းဖက်မှုအများအပြားနှင့် အမုန်းတရားများ ဖြစ်ပေါ်အောင် လှုံ့ဆော်မှုများ ရှိခဲ့သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက သတင်းထောက်များကို ပြောကြားသည်။ “ကျွန်မစိုးရိမ်တာကတော့ Facebook ဟာ ကမ္ဘာ့အခြားနေရာတွေမှာ ရှိခဲ့သလို မူလက ရည်ရွယ်ခဲ့တာထက် ရက်စက်ကြမ်းကြုတ်သူတစ်ဦးအဖြစ် ပြောင်းလဲသွားတာကိုပါ” ဟုလည်း ၎င်းက ပြောကြားသည်။
“လူမှုမီဒီယာတွေမှာ အမုန်းစကားနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေက များပြားနေပါတယ်။ အထူးသဖြင့် Facebook မှာပါ”ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ မာဇူကီဒါရပ်စ်မဲန်က လူ့အခွင့်အရေးကောင်စီသို့ ပြောကြားခဲ့သည်။
နှစ် ၅၀ ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက်မှ ရုန်းထွက်လာသည့် ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုမှာ တရှိန်ထိုး တိုးတက်လျက်ရှိသည်။ သို့သော်လည်း ထိုသို့သုံးစွဲမှုနှင့်အတူ လူမျိုးရေး အမုန်းတရားနှင့် အကြမ်းဖက်မှုကို လှုံ့ဆော်မှု မြင့်တက်လာခြင်းအပေါ် ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်နေသည်။
သြဂုတ်လကတည်းက ရိုဟင်ဂျာမူစလင် ၇၀၀,၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည့် အကျပ်အတည်း ပေါ်လာပြီးကတည်းက မြန်မာနိုင်ငံအား အရေးယူရေး တောင်းဆိုမှုများ ပိုမိုကျယ်လောင်လာခဲ့သည်။
ကုလသမဂ္ဂ၏ ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့် Facebook ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့၏ အမုန်းစကား ဆန့်ကျင်ရေး မဟာဗျူဟာကို ကာကွယ်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် နည်းပညာနှင့် ဒေသခံဘာသာစကားကျွမ်းကျင်မှုတို၌ အများအပြား ရင်းနှီးမြှုပ်နှံထားသည်ဆိုသည်။
“ဒီကိစ္စကို ကျွန်တော်တို့ တကယ့်ကို အလေးအနက်ထားပါတယ်။ အန္တရာယ်ကင်းရှင်းရေး အရင်းအမြစ်တွေ ဖွံ့ဖြိုးရေးနဲ့ အမုန်းစကား တန်ပြန်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ မြန်မာနိုင်ငံက ကျွမ်းကျင်သူတွေနဲ့ လက်တွဲဆောင်ရွက်နေတာ နှစ်အတန်ကြာ ရှိနေပါပြီ”ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ “တကယ်တော့ နောက်ထပ် ကျွန်တော်တို့ လုပ်နိုင်တာတွေကတော့ အမြဲတမ်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လူမှု အသိုင်းအဝိုင်း အန္တရာယ်ကင်းစေဖို့ ဒေသခံကျွမ်းကျင်သူတွေနဲ့ ဆက်ပြီး လက်တွဲဆောင်ရွက်သွားမှာပါ” ဟု ၎င်းကပြောသည်။
ရိုဟင်ဂျာအရေး လှုပ်ရှားတက်ကြွသူများကလည်း တစ်ကမ္ဘာလုံး၏ စာနာထောက်ခံမှုကို ရရှိစေရန် ပဋိပက္ခနှင့် ပတ်သက်ပြီး သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ဟု မြန်မာအစိုးရက စွပ်စွဲထားသည်။
ဇန်နဝါရီလနောက်ပိုင်းက ရိုဟင်ဂျာဆန့်ကျင်ရေး ဘုန်းကြီးအဖြစ် လူသိများသည့် ဦးဝီရသူ၏ စာမျက်နှာကို Facebook က ဖယ်ရှားပစ်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်က မူစလင်များကို နှိမ့်ချသည်ဟု ယူဆသော ‘ကုလား’ ဆိုသည့် စကားလုံး သုံးစွဲမှုကိုလည်း ထိန်းချုပ်ခဲ့သည်။
Facebook ပေါ်တွင် ရှိနေသည့်အရာများကို ထိန်းချုပ်ရာတွင် ၎င်း၏ မူဝါဒက မည်သည့်ကဏ္ဍမှ ပါဝင်သင့်သည် ဆိုသည့်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်သူများမှာ ဝေခွဲမရဖြစ်နေဆဲဖြစ်သည်။ “လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ အမုန်းတရား လှုံ့ဆော်တဲ့ပြစ်မှုကြားမှာ မှုန်ဝါးတဲ့ လိုင်းတစ်ခုရှိပါတယ်” ဟု မိုနက်ရှ်တက္ကသိုလ်၊ ပြစ်မှုဗေဒပညာ ကထိကတစ်ဦးဖြစ်သည့် လီနွန်ချန်းက ပြောကြားသည်။