မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းနေ – ကမ္ဘာ့ဘဏ်

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ၂၀၁၅ ခုနှစ်အထိ ရရှိသည့် အချက်အလက်များအပေါ် အခြေခံပြီး မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲပြုစုသည့် အစီရင်ခံစာအရ သိရသည်။

၂၀၀၄-၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၃၂ ဒသမ ၁ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၄ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်ဟု အစီရင်ခံစာကို ကိုးကားပြီး ကမ္ဘာ့ဘဏ်က သြဂုတ် ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အိမ်ထောင်စုတစ်စုချင်းစီ၏ အသုံးစရိတ်သည် ယေဘုယျအားဖြင့် နှစ်စဉ် ၁ ဒသမ ၄ ရာခိုင်နှုန်း တက်လာရာ ထိုအချက်က လူနေမှုအဆင့်အတန်း မြင့်မားလာကြောင်း ပြသသည့် အချက်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခု လေ့လာချက်အရ လွန်ခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု အခြေအနေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလျက်ရှိတဲ့အတွက် အလွန်အားတက်စရာ ကောင်းလှပါတယ်။ ရှေ့ဆက်လက်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်မှု ဆောင်ရွက်ချက်တွေကနေ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ အကျိုးခံစားနိုင်အောင် ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုရင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

လတ်တလောနှစ်များအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် လျင်မြန်စွာ မြင့်မားလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြားစက်၊ မိုဘိုင်းလ်ဖုန်းစသည့် ကုန်စည်များ သိသာစွာ အရောင်းသွက်လာသည့် အချက်ကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာကြောင်း ထင်ရှားစွာ သိရှိနိုင်သည်ဟု ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်အထိ ရရှိသော အချက်အလက်များအရ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သည့် အိမ်ထောင်စုဦးရေမှာ ၄၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ၂၀၀၉ ခုနှစ်က ၂၅ ရာခိုင်နှုန်းသာရှိခဲ့သည်ဟုဆိုသည်။

အစီရင်ခံစာတွင် လေ့လာစိစစ်ချက် နည်းလမ်းနှစ်ရပ်ကို အသုံးပြုထားပြီး နည်းလမ်းနှစ်ရပ်စလုံးအရ ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းနေကြောင်း လေ့လာတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း ကျဆင်းလျက်ရှိတယ်ဆိုတဲ့အချက်က အင်မတန် အားတက်စရာကောင်းပြီး ဒါဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ထင်ဟပ်နေတဲ့ အချက်လို့ ဆိုနိုင်င်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စအယ်လင်ဂိုးစတိန်းက ပြောကြားသည်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar