မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းသွားနိုင်ဟု ကမ္ဘာဘဏ်ခန့်မှန်း

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းသွားနိုင်သော်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာမည်ဆိုပါက စီးပွားရေးတိုးတက်မှုနှုန်းမှာ အကောင်းဘက်တွင် ဆက်လက် တည်ရှိနေမည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် ၂၀၁၈-၁၉ အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားရာ ၂၀၁၇-၁၈ ခုနှစ်က တိုးတက်မှုနှုန်းဖြစ်သည့် ၆ ဒသမ ၈ ရာခိုင်နှုန်းမှ နှေးကွေးလာခြင်းဖြစ်သည်။

ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအသီးသီးတွင် တိုးတက်မှု နှေးကွေးနေသော်လည်း စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍ တည်ငြိမ်နေခြင်းနှင့် တယ်လီဖုန်းဆက်သွယ်ရေး အပါအဝင် ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်မှု အားကောင်းနေခြင်းကြောင့် ခုသာခံသာရှိနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

“မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အားစိုက် ဆောင်ရွက်ဖို့ လိုအပ်သလို ရခိုင်ပြည်နယ်ပဋိပက္ခအခြေအနေအား လူမှုအသိုက်အဝန်းအားလုံးအတွက် အကောင်းဆုံးဖြစ်မည့် နည်းလမ်းများအား ရှာဖွေဖော်ထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ သဘောထားအမြင်တွေ ကောင်းမွန်လာမှာဖြစ်ပြီး ကာလလတ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူအားလုံး လွှမ်းခြုံပါဝင်နိုင်မယ့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးစလ်တိန်းက ပြောသည်။

ယခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာရခြင်း၏ ပထမအကြောင်းရင်းမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရှိန်နှေးကွေးလာမှု အကျိုးဆက်အရ မေခရိုစီးပွားရေးအခြေအနေ မတည်မငြိမ်ဖြစ်လာခြင်းနှင့် အခြားအကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်မှုအပေါ် မူတည်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ စတင်အသက်ဝင်လာခြင်း၊ နိုင်ငံခြားဘဏ်များကို ပြည်တွင်း၌ ချေးငွေလုပ်ငန်းဆောင်ရွက်နိုင်ရန် ဖြေလျော့ပေးခြင်းနှင့် လက်လီလက်ကားလုပ်ငန်းများ ဝင်ရောက်လာနိုင်စေရန် ဖြေလျော့ပေးခြင်းအပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) ကို အကောင်အထည်ဖော်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ရေရှည်အနာဂတ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း အစီရင်ခံစာက ပြောကြားထားသည်။

ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာမည်ဆိုပါက ကာလလတ် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်မှာ အကောင်းဘက်တွင် ဆက်လက်ရှိနေပြီး ၂၀၂၀-၂၁ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမည်ဟုလည်း ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။

သို့ရာတွင် လူသားအရင်းအမြစ်များအား ကောင်းစွာပြုစုပျိုးထောင်ခြင်းမရှိပါက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန် မလွယ်ကူနိုင်ဟု သတိပေးထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကာလလတ်အတွင်း ဆောင်ရွက်နိုင်မည့် အခွန်အခများ စနစ်တကျ တိုးမြှင့်ကောက်ခံရန်ကိုလည်း ကမ္ဘာ့ဘဏ်က အစီရင်ခံစာတွင် အကြံပြုထားသည်။

အခွန်အခများ စနစ်တကျ တိုးမြှင့်ကောက်ခံပြီး ထိရောက်စွာ ပြန်လည်အသုံးချခြင်းအားဖြင့် အခြေခံကျသည့် ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေး မြှင့်တင်နိုင်သည်နှင့်အညီ တိုင်းပြည်၏ လူသားအရင်းအမြစ်များအား ပြုစုပျိုးထောင်ရာတွင် အထောက်အကူပြုနိုင်မည်ဟုဆိုသည်။

“မြန်မာအစိုးရအနေဖြင့် အခြေခံကျသည့် ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန်နဲ့ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် အခွန်အကောက်တွေကို စနစ်တကျ ကောက်ခံနိုင်ပြီး စနစ်တကျ အသုံးချမယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံး၏ ဦးဆောင်ဘောဂဗေဒပညာရှင် ဟန်းအာနန်ဘက်ခ်က ပြောကြားသည်။

“တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေကို ပြုစုပျိုးထောင်ခြင်းအားဖြင့် အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှင့် ကုန်သွယ်မှု အားပျော့လာနိုင်ခြင်းမှသည် ရခိုင်ပဋိပက္ခအား ဖြေရှင်းဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ကင်းလွတ်ခွင့်များကို ပြန်လည်ကန့်သတ်လာနိုင်ခြင်းတို့က စိန်ခေါ်မှုများနှင့် အန္တရာယ်များအဖြစ် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို မြန်ဆန်စွာ အကောင်အထည်ဖော်ရန်နှင့် ရခိုင်ပဋိပက္ခအား လူမှုအသိုက်အဝန်းအားလုံးအတွက် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အကူးအပြောင်းကာလဖြစ်သည့် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သုံးဘီလျံဝင်ရောက်ရန် ကော်မရှင်က မျှော်မှန်းခဲ့သော်လည်း မျှော်မှန်းချက်ထက် တစ်ဘီလျံ လျော့နည်းခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၇ သန်း ဝင်ရောက်ပြီး ပြီးခဲ့ သည့်လေးနှစ်အတွင်း အနည်းဆုံး ဝင်ရာက်သည့်ဘဏ္ဍာနှစ်ဖြစ်ခဲ့သည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.