မြန်မာနိုင်ငံ၌ ဖြစ်ပွားသော ခံတွင်းကင်ဆာများမှာ ကွမ်းဝါးခြင်းနှင့် ဆက်စပ်နေ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ခံတွင်းကင်ဆာရောဂါများသည် ကွမ်းဝါးခြင်းနှင့် ဆက်စပ်နေကြသည်ဟု မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါသုတေသနရလာဒ်များကို စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၇ မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ဥရောပ ကင်ဆာဆေးပညာအသင်း၏ ESMO Asia 2017 Congress တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

“အရင်က လေ့လာမှုတွေအရ အရှေ့တောင်အာရှမှာ ခံတွင်းကင်ဆာ ဆိုးဆိုးဝါးဝါးဖြစ်နေတာ နှစ်တွေအများကြီး ကြာနေပါပြီ။ ဒီဒေသမှာ ကွမ်းဝါးတာ အတွေ့ရများပါတယ်။ သာဓကအနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ၅၀ ရာခိုင်နှုန်းကျော်ဟာ ကွမ်းဝါးနေပါတယ်” ဟု သုတေသန ဦးဆောင်စာတမ်းရေးသူ တောင်ငူဆေးရုံကြီးမှ ကင်ဆာဆေးပညာရှင် ဒေါက်တာခင်ခင်နွယ်က ပြောသည်။

GLOBOCAN 2012 ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ခံတွင်းကင်ဆာ ထက်ဝက်ကျော်မှာ အာရှဒေသတွင် ဖြစ်ပွားပြီး ၂၀၁၂ ခုနှစ်တွင် ကင်ဆာရောဂါသစ် ၁၆၈,၈၅၀ ခုကို စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့အနက် လူနာ၏ ၁၁ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှဒေသမှ ဖြစ်သည်။

ယခုလေ့လာမှုတွင် လည်ပင်းနှင့် ဦးခေါင်းပိုင်း ကင်ဆာဝေဒနာရှင်များ၏ ရောဂါဖြစ်စေသော အနေအထိုင် အပြုအမူများကို လေ့လာခဲ့ခြင်းဖြစ်သည်။ နမူနာလေ့လာချက်ကို ၂၀၁၆ ခုနှစ်က တောင်ငူဆေးရုံကြီး၏ ကင်ဆာဆောင်တွင် ပြုလုပ်ခဲ့သည်။

ထိုနှစ်က တောင်ငူဆေးရုံသို့ ရောက်လာသည့် ကင်ဆာဝေဒနာရှင် ၃၀၇ ဦးအနက် ၆၇ ဦး (၂၂ ရာခိုင်နှုန်း)မှာ ဦးခေါင်းနှင့် လည်ပင်း စကွေးမတ်စ်ဆဲလ်(အရေပြား၏ အပြင်ဘက်ဆုံးရှိ ပါးလွှာပြားချပ်သည့်ဆဲလ်) ကင်ဆာ (HNSCC) လူနာများ ဖြစ်ကြသည်။ ၎င်းတို့ ၆၇ ဦးအနက် ၄၁ ဦးမှာ အမျိုးသားများဖြစ်ပြီး ၂၆ ဦးမှာ အမျိုးသမီးများဖြစ်ကြသည်။

လေ့လာခဲ့သည့် ခံတွင်းကင်ဆာ လူနာအားလုံးမှာ ကွမ်းဝါးသူများဖြစ်ကြသည်ဟုဆိုသည်။ ခံတွင်းကင်ဆာဖြစ်သူအများစု ဖြစ်သည့် ၈၇ ရာခိုင်နှုန်းက ၎င်းတို့သည် ၎င်းတို့၏အချိန်အများစုတွင် ကွမ်းကို ငုံထားခဲ့ကြသည်ဟု ပြောကြားသည်။

“ကျွန်မတို့တွေ့ရှိခဲ့တာက ခံတွင်ကင်ဆာဖြစ်သူအားလုံးက ကွမ်းဝါးတယ်။ အများစုက ဆယ်ကျော်သက်အရွယ်မှာတင် အကျင့် စလုပ်တယ်။ နောက် ဖြတ်ဖို့ ခက်ခဲလွန်းတယ်။ ကွမ်းဝါးခြင်းက ဒီရောဂါဖြစ်သူတွေမှာ စွဲစေတဲ့ နည်းလမ်းတစ်ခုနဲ့ ဆေးလိပ်သောက်တာ အရက်သောက်တာတွေနဲ့ အပြန်အလှန်ဆက်စပ်နေတယ်” ဟု ဒေါက်တာခင်ခင်နွယ်က ပြောကြားသည်။

“ကွမ်းဝါးခြင်းကို မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ အတွေ့ရများနေတာ ကြာပါပြီ။ ကျွန်မတို့ရဲ့ လေ့လာမှုအရတော့ ဒါဟာ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုပါ။ ကွမ်းဝါးခြင်းရဲ့ အန္တရာယ်ကို သိမြင်မှုတွေ တိုးပွားအောင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ လူုငယ်လေးတွေ အကျင့်မလုပ်မှာ။ ပြီးတော့ လူကြီးတွေကိုလည်း ဖြတ်ဖို့ အားပေးပါတယ်။ ဒီလိုလုပ်ရင် ဦးခေါင်းနဲ့ လည်ပင်းပိုင်းကင်ဆာ ဖြစ်ပွားမှုကို တားဆီးရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar