မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းဖြင့် အကျပ်အတည်းကို မဖြေရှင်းနိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ယခုအချိန်တွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းက အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ယနေ့ပြောကြားသည်။

နေပြည်တော်တွင် မြန်မာအရပ်သားအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအား တွေ့ဆုံအပြီး ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ယခုအချိန်မှာ အရေးယူမှုတွေ ပြုလုပ်ဖို့ မသင့်သေးပါဘူး” ဟု နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

“မြန်မာနိုင်ငံ အောင်မြင်သွားတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“ပိတ်ဆို့အရေးယူမှုတွေ ပြဌာန်းလိုက်လို့ ဒီအကျပ်အတည်းကို ကျော်လွန်သွားပြီလို့ ပြောလို့မရပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လူပေါင်း ခြောက်သိန်းကျော် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရန် အမေရိကန် လွှတ်တော်အမတ်များက ပြင်ဆင်နေချိန်တွင် ၎င်းကထိုသို့ ပြောကြားခြင်းလည်း ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရပ်သားများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်စက်ကြမ်းကြုပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့မှုများတွင် တပ်တော်က အဓိက တာဝန်ရှိသည်ဟု ၎င်းတို့က ပြောကြားထားပြီး တပ်မတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားသည့် အရေးယူမှုများ ချမှတ်ရန် ၎င်းတို့က စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်စက်ကြမ်းကြုပ်မှုများ ကျူးလွန်ခဲ့သည်ဟုသည် သတင်းများကြောင့် အမေရိကန်အစိုးရအနေဖြင့် များစွာစိုးရိမ်ပူပန်မိပြီး လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံရန်လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဦးစွာတွေ့ဆုံခဲ့သည်။

၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် “ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့မှု အခြေအနေမှန်များ၊ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှုအကြောင်းအရင်းမှန်များ၊ ဥပဒေနှင့်အညီ ပြန်လည် လက်ခံနိုင်ရေးဆောင်ရွက်မှုများ၊ လူသားချင်း စာနာထောက်ထားသော အကူအညီများ မျှတမှုရှိရန် လိုအပ်သည့် အခြေအနေများ၊ အစိုးရနှင့်တပ်မတော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေသည်ဟု ၎င်းအပေါ် စွပ်စွဲပြောကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် တုန့်ပြန်ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် တင်းမာမှုများ ပြင်းထန်မလာစေရန်ကိုသာ အာရုံစိုက်ပြောကြားသည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်မက နှုတ်ဆိတ်နေတာ မဟုတ်ပါဘူး။ ကျွန်မပြောတာတွေက သိပ်စိတ်ဝင်စားစရာ မကောင်းဘူးလို့ လူတွေက ဆိုလိုချင်တာပါ” ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မပြောတာတွေက စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဆိုလိုချင်တာ မဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။ ၎င်းအနေဖြင့် မှန်ကန်တိကျရန်နှင့် လူများ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက် ဖြစ်မသွားရေးအတွက်သာ ရည်ရွယ်ပြောကြားသည်ဟု ၎င်းက ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar