မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ စစ်ဆင်ရေး မပြုလုပ်ခဲ့ဟု အိန္ဒိယစစ်တပ်ငြင်းဆို

အိန္ဒိယကွန်မန်ဒို တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝင်ရောက်ကာ စစ်သွေးကြွများကို သတ်ဖြတ်ခဲ့သည်ဟူသည့် သတင်းများကို အိန္ဒိယတပ်မတော်က ငြင်းဆိုလိုက်သည်။

တစ်ခါတစ်ရံတွင် သောင်းကျန်းသူတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်းများအား စစ်တပ်ကို လွှဲချခြင်းဖြစ်သည်ဟု ၎င်းကပြောကြားလိုက်သည်ဟု အိန္ဒိယနိုင်ငံ Busiess Standard သတင်းစာက မေ ၆ ရက်နေ့တွင် ရေးသားထားသည်။

“ဒီကောလဟာလက ဘယ်ကထွက်လာတာလဲဆိုရင် ကျွန်တော်အရင်ဆုံး မေးရပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ လေးစားလိုက်နာပါတယ်။ တဖက်ကို ဖြတ်ကျော်တယ်ဆိုတာ မေးစရာ မလိုပါဘူး။ ဘာဖြစ်ရပ်မှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ တိုက်ခိုက်မှု မလုပ်ခဲ့ပါဘူး” ဟု အရှေ့ပိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်ချုပ် Praveen Bakshi က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

အိန္ဒိယတပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ကာ စစ်သွေးကြွ ရှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု မေလကုန်ပိုင်းက သတင်းများ ပေါ်ထွက်လာခဲ့သည်။ မေ ၂၇ ရက်နေ့က စစ်ဆင်ရေးတွင် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ကာ ၁၈ ဦးကို ဖမ်းဆီးမိခဲ့ပြီး မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု မေ ၃၀ ရက်နေ့တွင် Economic Times သတင်းစာက ရေးသားခဲ့သည်။

မေ ၂၂ ရက်နေ့တွင် သောင်းကျန်းသူများက အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို မဏိပူရတွင် ခြုံခို တိုက်ခိုက်ခဲ့ရာ တပ်သားရှစ်ယောက် သေဆုံးခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ယခု စစ်ဆင်ရေးကို ဆင်နွှဲခြင်းဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

ဗိုလ်ချုပ် Praveen Bakshi ကမူ နာဂဒေသ၊ မဏိပူရနှင့် အခြားဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များရှိပြီး အုပ်စုဖွဲ့ ဂိုဏ်းကွဲနေကြသည်ဟု ပြောကြားခဲ့သည်။

ထိုအဖွဲ့များအကြား တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက ပါဝင်ပတ်သက်ခြင်းမရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြစ်ပုံချခြင်းများ ရှိသည်ဟု ၎င်းကပြောကြားသည်။

မေ ၂၂ ရက်နေ့က ခြုံခိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသည့်အဖွဲ့အနေဖြင့် အခြားနိုင်ငံတွင် လုံခြုံစွာခိုနားနိုင်မည့်နေရာအား ရှာဖွေနေသည်ဟုလည်း ၎င်းကပြောကြားသည်။

“ဒီလိုအခြေအနေမှာ ကျွန်တော်တို့ လုပ်နိုင်တာက အိမ်နီးချင်းကောင်းပီသစွာနဲ့ ဒီလို ခိုလုံဖို့နေရာ မပေးဖို့ကို တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လက အလားတူ စစ်ဆင်ရေးတစ်ခုတွင်လည်း အိန္ဒိယကွန်မန်ဒိုများက နယ်စပ်ကို ဖြတ်ကျော်ကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယသောင်းကျန်းသူများ၏ စခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူ ၆၀ ဦးကျော် သေဆုံးခဲ့သည်ဟု Economic Times က ရေးသားခဲ့သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar