မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် အကူးအပြောင်းအလွန်ကာလတွင် စိန်ခေါ်မှု အများဆုံး ကြုံတွေ့နေရသည့် အချိန်ကာလသို့ ရောက်ရှိနေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
နေပြည်တော်တွင် ယနေ့ကျင်းပသည့် Development Effectiveness Roundtable တွင် အမှာစကားပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ စိုးရိမ်ပူပန်စရာကောင်းတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီစိန်ခေါ်မှုတွေဟာ စိုးရိမ်စရာ အခြေအနေ ပိုဖြစ်လာလေလေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို လေးနက်အားကောင်းအောင်လုပ်ဖို့ ပိုပြီး လိုအပ်လာလေလေ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ထိုစိန်ခေါ်မှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခိုင်မာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ကတိကဝတ်များ ခိုင်မာအားကောင်းလာစေမည့် အခွင့်အလမ်းတစ်ခု ဖြစ်လာသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“လေးနက်ပြီးအဓိပ္ပါယ်ပြည့်ဝတဲ့ ပြောင်းလဲမှုကာလအလယ်မှာ စိန်ခေါ်မှုတွေကို ကြုံတွေ့နေရပေမယ့် မိမိတို့ မြန်မာနိုင်ငံအနေနဲ့ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေတယ်လို့ ကျွန်မ ခံစားမိပါတယ်” ဟု ၎င်းက ပြောကြားသည်။
“မိမိတို့ဟာ နယ်ပယ်အစုံမှာ စိန်ခေါ်မှုတွေကြုံတွေ့နေရပြီး ပြည်သူများက မျှဝေတဲ့ အတွေ့အကြုံများအရ အဓိကအချက်ဟာ ဆင်းရဲနွမ်းပါးမှုပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မိန့်ခွန်းတွင် ရခိုင်ပြည်နယ် ဖွံြ့ဖိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ ဒီကနေ့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ကျော်ဖြတ် လွန်မြောက်ဖို့ စိတ်အားထက်သန် ပါတယ်၊ နောက်တစ်နေ့မှာ ရင်ဆိုင်ရမယ့် အခက်အခဲများကိုလည်း ကြိုဆိုလက်ခံပြီး ရင်ဆိုင်ကျော်ဖြတ် သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
“ဒီလိုလုပ်ဆောင်ရာမှာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ အားလုံးဟာ ကျွန်မတို့အနားမှာ နီးနီးကပ်ကပ်ရှိနေကြမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကို ဘဏ္ဍာရေး အရင်းအမြစ်နဲ့ နည်းပညာအကူအညီအတွက် သာမက တစ်ခါတစ်ရံမှာ ကျွန်မတို့ကို အားပေး လှုံ့ဆော်ပေးကြဖို့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ အားလုံးကို ကျွန်မတို့အားကိုးလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။