မြန်မာနိုင်ငံသားများဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း၏ တတိယမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် စာရင်းဝင်ရန် အရည်အချင်း အကဲဖြတ်ချက်များကို အောင်မြင်သွားပြီဖြစ်ကြောင်း စတော့အိတ်ချိန်းက သြဂုတ် ၁၂ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေငြာလိုက်သည်။
အဆိုပါဘဏ်သည် လာမည့် သြဂုတ် ၂၆ ရက်နေ့တွင် တရားဝင် စာရင်းဝင်ကုမ္ပဏီအဖြစ် ယင်း၏ အစုရှယ်ယာများကို ထုတ်ဝေ ရောင်းချမည်ဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။
၁၉၉၂ ခုနှစ်တွင် စတင်လုပ်ငန်းလည်ပတ်ခဲ့သော အဆိုပါဘဏ်သည် လက်ရှိတွင် မတည်ရင်းနှီးငွေ ကျပ်သန်းပေါင်း ၅၂,၀၀၀ ကျော်ရှိပြီး မြို့ပေါင်း ၁၂ မြို့တွင် ဘဏ်ခွဲပေါင်း ၂၁ ဘဏ် ဖွင့်လှစ်ထားကြောင်း အဆိုပါဘဏ်၏ အများပြည်သူသို့ ထုတ်ဖော်ကြေငြာချက်တွင် ဖော်ပြထားသည်။
ဘဏ်၏ ဒါရိုက်တာအဖွဲ့တွင် သီးခြားလွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် Myanmar Payment Union ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်နှင့် စီးပွား/ကူးသန်းဝန်ကြီးဌာန အကြံပေးဖြစ်ပြီး လက်ရှိတွင် ရန်ကုန်အများပိုင် ဘတ်စ်ကားကုမ္ပဏီတွင်လည်း တာဝန်ယူထားသည့် ဦးမောင်အောင်တို့အား ခန့်အပ်ထားသည်။ ဘဏ်တွင် ၎င်းတို့နှစ်ဦးအပါအဝင် စုစုပေါင်း ဒါရိုက်တာအဖွဲ့အဝင် ၁၂ ဦးရှိသည်။ ဘဏ်ဥက္ကဋ္ဌမှာမူ ဦးတိုးအောင်မြင့်ဖြစ်ပြီး ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးမြင့်ဝင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် လက်ရှိ၌ First Myanmar Investment (FMI) နှင့် မြန်မာ-သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီတို့ စာရင်းဝင်ဖြစ်နေပြီး အိတ်ချိန်းရှိ အစုရှယ်ယာဈေးများမှာမူ စတင်ရောင်းချစဉ်တွင် အမြင့်ဆုံးဈေးရခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဈေးအတက်မရှိဘဲ အကျသာ ရှိနေသည်။
သတင်း-ကျော်ဖုန်းကျော်