“မြန်မာနိုင်ငံရဲ့ မိတ်ဆွေတစ်ဦးအနေနဲ့ ဒီအစီရင်ခံစာကို ရေးခဲ့တာပါ”- ယန်ဟီလီ

ရခိုင်ပြည်နယ်တွင် လူနည်းစု မူဆလင်များအပေါ် ညှင်းပန်းနှိပ်စက်မှုများ ရှိနေသည်ဟူသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးရန် တောင်းဆိုနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးအစီရင်ခံစာ ရေးသားသူ မစ္စယန်ဟီလီအား ဂျီနီဗာတွင် လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေး ကျင်းပနေစဉ် Frontier မှ သောမတ်စ် ကင်းန်က ဆက်သွယ် မေးမြန်းခဲ့သည်။

စုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့ဖို့ ဘာကြောင့် တိုက်တွန်းရပါသလဲ။

ကျွန်မလုပ်ကိုင်ခွင့်ရနေတဲ့ ကာလတစ်လျှောက်လုံး ရခိုင်ပြည်နယ်က ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေကို အချက်ပြနေခဲ့ပါတယ်။

ဒါပေမယ့် ကော်မရှင်ဖွဲ့ဖို့ တောင်းဆိုတာကတော့ လွန်ခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဆက်လက် တည်ရှိနေတာကြောင့် အလွန်အရေးကြီးလာတာပါ။ စေ့စေ့စပ်စပ်၊ လွတ်လွတ်လပ်လပ်နဲ့ ဘက်လိုက်မှုမရှိဘဲ အဆောတလျင် စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။

ကော်မရှင်တွေ အမျိုးမျိုးဖွဲ့ထားတယ်ဆိုပေမယ့် တချို့က စွပ်စွဲခံထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက သူတို့ရဲ့အပေါ် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ရဲ့ အပြင်မှာရှိနေပြီး တချို့ကတော့ သူတို့ရဲ့ဖွဲ့စည်းပုံနဲ့၊ ဆောင်ရွက်ပုံ နည်းလမ်းနဲ့ အများရဲ့ ယုံကြည်နိုင်စွမ်းနဲ့ ပတ်သက်လို့ သံသယ ရှိပါတယ်။ သူတို့က ဒီစွပ်စွဲချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပယ်ချငြင်းဆိုပြီး ချက်ခြင်းတုံ့ပြန်တာမျိုးတွေက စိတ်ပူပန်စရာဖြစ်တယ်ဆိုတာ ကျွန်မတွေ့ရပါတယ်။

မကြာသေးခင်က ဒီစွပ်စွဲမှုတွေအပြင် ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေရင်ဆိုင်နေရတဲ့ စဉ်ဆက်မပြတ် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ အတိုင်းအတာနဲ့ သဘာဝကို စဉ်းစားကြည့်မိတော့ စေ့စပ်ပြီး လွတ်လပ်ကာ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ဖွဲ့ဖို့လိုအပ်တယ်လို့ ကျွန်မ အခိုင်အမာ ယုံကြည်ပါတယ်။

စုံစမ်းရေးကော်မရှင်တစ်ခုက အမှန်တကယ်အောင်မြင်မှုရနိုင်မယ်လို့ ထင်ပါသလား။

နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ လောလောဆယ်တော့ ဘယ်သူမှ အတိအကျ မသိသေးပါဘူး။ လအတော်ကြာ ပိတ်ဆို့ခံထားရတဲ့ နေရာတစ်ခုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တယ်လို့ သတင်းရထားတဲ့ စိုးရိမ်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များစွာကို ကျွန်မတို့ ရရှိထားပါတယ်။ အဲဒီနေရာကနေ လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြတာကတော့ သိသာပါတယ်။

သင့်လျော်တဲ့ လုပ်ပိုင်ခွင့်၊ ကျွမ်းကျင်မှုတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဟာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ တိတိကျကျသိဖို့ ဘက်မလိုက်တဲ့၊ လွတ်လပ်တဲ့ အာမခံချက်တွေနဲ့အတူ စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်မှာဖြစ်ပြီး တာဝန်ခံမှုကို သေချာဖို့၊ တရားမျှတမှုကို ပေးအပ်ဖို့နဲ့ မတရားခံရသူတွေအတွက် လျော်ကြေးပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွပ်စွဲချက်တွေကို အတည်ပြုစေနိုင်မှာ ဖြစ်ပါတယ်။

အီးယူ (ဥရောပသမဂ္ဂ) က ကမကထလုပ်တဲ့ လူ့အခွင့်အရေးကောင်စီဆိုင်ရာ ဆုံးဖြတ်ချက်က ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်အထိ သက်ရောက်ပါလိမ့်မယ်ဆိုတာ သေချာသလောက်ပါပဲ။ လွန်ခဲ့တဲ့ စက်တင်ဘာက ကုလသမဂ္ဂ  အထွေအထွေညီလာခံ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းခဲ့တဲ့နောက် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်လည်း ရုပ်သိမ်းလိမ့်မယ်၊ ဒါမှမဟုတ် အဆင့်လျှော့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ရခိုင်က အဖြစ်အပျက်တွေက ဆုံးဖြတ်ချက်သစ်တစ်ခု ရှိလာဖို့ တွန်းအားပေးနေပါတယ်။ ဒါဟာ အခြေအနေပေါ်မှာ ခင်ဗျားရဲ့သဘောထားလား။

ကျွန်မနားလည်ထားတာကတော့ မြန်မာအစိုးရက ဆက်ဆံရေးပုံမှန်ဖြစ်ရေး တောင်းဆိုနေတာ အချိန်အတော်ကြာပါပြီ။ ဆိုလိုတာက မြန်မာဟာ နိုင်ငံတကာဖိုရမ်တွေမှာ တခြားကုလအဖွဲ့ဝင်နိုင်ငံတွေလို ဆက်ဆံခံချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်က အထွေအထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို သက်တမ်းမတိုးတာက အဲဒီတောင်းဆိုချက်နဲ့အညီ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း အစဉ်အဆက် ဆုံးဖြတ်ချက်တွေကနေ မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့တဲ့ လူ့အခွင့်အရေး စံနှုန်းအများအပြားကို ဖြည့်ဆည်းခြင်း မရှိသေးဘူးဆိုတာကို လွန်ခဲ့တဲ့အောက်တိုဘာက အထွေအထွေညီလာခံမှာ ကျွန်မပြောကြားခဲ့ပြီးပါပြီ။ အထွေအထွေညီလာခံမှာ ဒါမှမဟုတ် လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခုခုကို ရုပ်သိမ်းတာဟာ အချိန်မတန်သေးဘူးလို့ မြင်ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီကိုတင်တဲ့ ခင်ဗျားရဲ့အစီရင်ခံစာဟာ မျှတမှုမရှိဘဲ ဘက်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးဝင်းထိန်က ပြောကြားထားပါတယ်။ အစိုးရက အစီရင်ခံစာကို လက်ခံရရှိထားပြီးပြီလား။ သူ့ရဲ့သုံးသပ်ချက်တွေအပေါ် ခင်ဗျား ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ကျွန်မရဲ့ အစီရင်ခံစာမူကြမ်းကိုတော့ အစိုးရက ရရှိထားပါပြီ။ သုံးသပ်ချက်တွေ လုပ်နိုင်ပါတယ်။ ကျွန်မရဲ့ မြန်မာခရီးစဉ်အတွင်း ဒီအစီရင်ခံစာကို ကြိုတင်ပြင်ဆင်မှုရဲ့ အစိတ်အပိုင်းအဖြစ် အစိုးရဝန်ကြီးတွေနဲ့ လွှတ်တော်ကော်မတီတွေအပါအဝင် ဖြစ်နိုင်သလောက် ပါဝင်ပတ်သက်သူအများအပြားနဲ့ ကျွန်မ တွေ့ဆုံခဲ့ပါတယ်။

ကျွန်မ အလေးအနက်ပြောချင်တာကတော့ ဒီအစီရင်ခံစာကို မြန်မာရဲ့ မိတ်ဆွေတစ်ဦးအနေနဲ့ ကျွန်မရေးခဲ့တာပါ။ ဒီနိုင်ငံမှာ နေထိုင်သူအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ရေးအတွက် အကောင်အထည်ပေါ်လာဖို့ ပါဝင်ပတ်သက်သူအားလုံးနဲ့ အလုပ်အတူ လုပ်ချင်ပါတယ်။ ဒါပေမဲ့ ဒီကဏ္ဍမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မြင်ခဲ့ရတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဘက်မလိုက်ဘဲ လွတ်လွတ်လပ်လပ်နဲ့ အစီရင်ခံဖို့ ကျွန်မမှာ တာဝန်ရှိပါတယ်။

ကျွန်မရဲ့ အစီရင်ခံစာမှာပါတဲ့ တိုက်တွန်းချက်အားလုံးကို ဂရုတစိုက်နဲ့ မြန်မာအစိုးရက စဉ်းစားပေးလိမ့်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ အဆိုပြုထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုလည်း သူတို့ ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကော်မရှင်ကပဲ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျ ဖော်ထုတ်ပေးနိုင်ပြီး သင့်လျော်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကျူးလွန်သူတွေပြစ်ဒဏ်က ကင်းလွတ်နေတာကို တိုက်ဖျက်ပေးဖို့ အာမခံပါလိမ့်မယ်။

တခြားသုံးသပ်ချက်တွေရော ပြောကြားဖို့ ရှိပါသေးသလား။

အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်မှုတွေနဲ့ အဲဒီနောက်က ကပ်ပါလာတဲ့ လုံခြုံရေးစစ်ဆင်ရေးတွေအကြောင်း ဆွေးနွေးစဉ်မှာ အကြောင်းအရာနှစ်ခုကို မေ့မထားသင့်ဘူးလို့ ကျွန်မထင်ပါတယ်။

ပထမက ကျွန်မရဲ့အစီရင်ခံစာမှာ တင်ပြထားသလို ရခိုင်ပြည်နယ်က အခြေအနေဟာ ယေဘုယျအားဖြင့် ရှုပ်ထွေးပြီး ရခိုင်ဗုဒ္ဓဘာသာအသိုင်းအဝိုင်းရဲ့ ကြာရှည်နေတဲ့ မကျေနပ်ချက်၊ နစ်နာချက်တွေကို အဆောတလျင် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းကိုသွားတဲ့ ကျွန်မရဲ့ခရီးစဉ်အတွင်း ရခိုင်က အသိုင်းအဝိုင်းတချို့နဲ့ ဟိန္ဒူ အသိုင်းအဝိုင်းတစ်ခုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့အားလုံးက အနာဂါတ်နဲ့ပတ်သက်လို့ စိုးရိမ်ကြောက်လန့်နေကြပြီး အသက်မွေးဝမ်းကျောင်းမှုမှာ အခက်အခဲတွေ မြင့်မားလာတာကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၉ ရက်နေ့မတိုင်ခင်ကတောင် ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ် ဖြစ်နေခဲ့တာပါ။ ပြီးတော့ လူ့အသိုင်းအဝိုင်းတွေအားလုံးအတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်မွေးဝမ်းကျောင်းခွင့်တွေ တိုးတက်ရရှိဖို့ သိသိသာသာ လိုအပ်နေပါတယ်။

ဒုတိယအချက်အနေနဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ပဋိပက္ခတွေ မြင့်မားနေတာအပါအဝင် နိုင်ငံရဲ့ အခြားအစိတ်အပိုင်းတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း မမေ့ဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့်  မြန်မာနိုင်ငံရဲ့ အခြားနေရာတွေမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီမှာ အဆောတလျင်ဆွေးနွေးဖို့ ကျမရဲ့အစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

ခေါင်းစီးဓာတ်ပုံ- ပြီးခဲ့သည့်နှစ် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စယန်ဟီလီအား တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar