ရန်ကုန်၊ မေ ၂၇
စီးပွားရေးနှင့် အလုပ်သမားရေးရာ ကိစ္စများတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုသည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocha က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်နှင့် အတူလက်တွဲအလုပ်လုပ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကာ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည်ဟု ထိုင်းနိုင်ငံ၊ နေရှင်းသတင်းစာက Prayuth ၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားထားသည်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေခြင်းဖြစ်သည်။
နှစ်နိုင်ငံ တပ်မတော်များအနေဖြင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် လုံခြုံရေးနှင့် နယ်စပ်ကိစ္စများတွင်ဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သုံးရက်ကြာခရီးစဉ်ကို မေ ၂၈ ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံကြားနှင့် တပ်မတော်များကြား ရှည်ကြာစွာ တည်ရှိခဲ့ပြီး နီးကပ်သည့် ဆက်ဆံရေးကို ပြသနေခြင်းဖြစ်သည်ဟု Prayuth က ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရရှိခဲ့ပြီးနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည့် အဆင့်မြင့်ဆုံး မြန်မာခေါင်းဆောင်တစ်ဦးဖြစ်သည်။
သမ္မတဦးထင်ကျော်က Prayuth ထံ ဆုတောင်းမေတ္တာပို့သလိုက်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Prayuth ကို ပြောကြားခဲ့သည်။
သတင်း- Frontier