မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးဧရိယာ လေးပုံတစ်ပုံခန့် ကျဆင်းသွား

ဘိန်းဝယ်လိုအား လျော့နည်းလာပြီး စိတ်ကြွဆေးအသုံးပြုမှု မြင့်တက်လာသောကြောင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးသည့်ဧရိယာမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း လေးပုံတစ်ပုံ ကျဆင်းသွားသည်ဟု ထုတ်ပြန်သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ဘိန်းစိုက်ပျိုးရန်အတွက် မြေ ၄၁,၀၀၀ ဟက်တာ (၁၀၁,၃၁၃ ဧက) ကို အသုံးပြုခဲ့ရာ ၂၀၁၅ ခုနှစ်က ၅၅,၀၀၀ ဟက်တာထက် လျော့နည်းသွားခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှုများသည် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရှမ်းနှင့် ကချင်ပြည်နယ်တို့ရှိ နယ်စပ်ဒေသများတွင် အခြေပြုထားသည်။

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ရာ အဓိကဒေသတစ်ခုဖြစ်သော ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးဧရိယာများ သိသိသာသာ ကျဆင်းသွားရာ ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု လေ့လာမှုတွင် ခန့်မှန်းထားသည်။

နေပြည်တော်တွင် ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာကျဆင်းခဲ့သည်ဟု ပြောကြားသည်။

“မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြန်လည်ကျဆင်းခဲ့ရာ ၂၀၀၆ ခုနှစ်တွင် ဟက်တာ ၂၁,၅၀၀ အထိ အနိမ့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု အထိုက်အလျှောက် ကျဆင်းခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရပါကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ဘိန်းစိုက်ပျိုးမှုကို ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ချင်းနှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးနေသည်ကိုလည်း တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar