အေအက်ဖ်ပီ
မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ မုတ်သုံမိုး ပြင်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး ဘုရားကုန်းတော် မြေပြိုကျမှုဖြစ်ပေါ်ခဲ့သလို အိမ်ပေါင်းများစွာလည်း ရေနစ်မြုပ်ခဲ့ကာ လူရာပေါင်းများစွာ နေအိမ်တွေ စွန့်ခွာခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တကုန်က ရွာသွားခဲ့တဲ့မိုးကြောင့် မွန်ပြည်နယ်နေရာအနှံ့အပြားမှာ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သက်သာမယ့် အရိပ်အရောင်မတွေ့ရသေးဘူးလို့ နိုင်ငံပိုင်သတင်းစာက ရေးသားထားပါတယ်။
ပြည်နယ်မြို့တော် မော်လမြိုင်မြို့ကို စီးမိုးထားတဲ့ ကျိုက်သလ္လံစေတီတော်ကြီးရဲ့ ကုန်းတော်ဟာ မိုးကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ဘုရားရင်ပြင်က အဆောက်အဦးတွေ ပျက်စီးခဲ့ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်တွေကို နေရာရွှေ့ပြောင်းဖို့ အလုပ်သမားတွေက ဆောင်ရွက်နေကြတာကို အေအက်ဖ်ပီသတင်းထောက်က ယနေ့ မြင့်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးတွေကလည်း အပျက်အစီးတွေကို ရှင်းလင်းဖို့ ကူညီဆောင်ရွက်နေကြပါတယ်။
မော်လမြိုင်တစ်မြို့လုံးမှာ လူ ၁,၀၀၀ လောက် နေရပ်စွန့်ခွာခဲ့ရပြီး ယာယီစခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ကိုဘိုဝင်းက အေအက်ဖ်ပီကို ပြောပါတယ်။
အခြားဒေသခံတစ်ဦးဖြစ်သူ ကိုဉာဏ်စိုးကတော့ “ဒီမှာ ကျွန်တော်တွေ့ဖူးသမျှ အဆိုးဝါးဆုံး ရေကြီးမှုပဲ” လို့ ပြောပါတယ်။
မော်လမြိုင်မြို့တောင်ဘက်မှာလည်း နေအိမ်ဒါဇင်ပေါင်းများစွာနဲ့ တံတားတွေ ရေမြုပ်သွားတဲ့အတွက် ဒေသခံ ၁၅၀ လောက်ဟာ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ နိုင်ငံပိုင်သတင်းစာက ရေးသားထားပါတယ်။ မော်လမြိုင်တစ်ဖက်ကမ်းက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိတော့ ထိခိုက်သေဆုံးမှုသတင်းတွေ ရရှိခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့မှာ မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူငါးဦး သေဆုံးခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။