မြန်မာက မလေးရှားကိုနိုင်ပြီး ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာ့လက်ရွေးစင်အသင်းသည် မလေးရှားလက်ရွေးစင်အသင်းကို အိမ်ကွင်းဖြစ်သည့် ရန်ကုန်မြို့၊ သုဝဏ္ဍအားကစားကွင်းတွင် ယနေ့ အနိုင်ကစားခဲ့ပြီး AFF Suzuki ဖလား အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အဆိုပါအောင်မြင်မှုသည် မြန်မာအသင်းအတွက် AFF Suzuki ဖလား သမိုင်းတလျှောက် နှစ်ပေါင်း၂၀ အတွင်း ဒုတိယအကြိမ်မြောက် အုပ်စုအဆင့်မှ လွတ်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာသည် ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် အုပ်စု အဆင့်မှ ကျော်လွားနိုင်ခဲ့ပြီးနောက် ၁၂ နှစ်အကြာဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် အုပ်စုအဆင့်မှ နောက်ထပ်တစ်ကြိမ် ထပ်မံကျော်လွားနိုင်ခဲ့ခြင်းဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲ ယှဉ်ပြိုင်မကစားမီ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် မြန်မာအသင်းသည် သရေကစားရုံဖြင့် အုပ်စုတက်နိုင်မည်ဖြစ်သော်လည်း ပွဲကစားချိန် ၈၀ မိနစ်တွင် တောင်ပံကစားသမား ဒေးဗစ်ထန်၏ အဝေးကန်ချက်မှ ဂိုးဝင်သွားခဲ့ပြီး အနိုင်သုံးမှတ်ရရှိကာ အုပ်စုတက်သွားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ပင်နယ်တီ ပြစ်ဒဏ်ဘောကို အောင်သူ လွဲချော်သွားခြင်းနှင့်အတူ အပိုင်ဂိုးသွင်းခွင့် ငါးကြိမ်ထက်မနည်း လွဲချော်ခဲ့ရသည်။

AFF Suzuki ဖလား သမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းများအနက် တစ်သင်းဖြစ်ပြီး ၂၀၁၀ ခုနှစ် ချန်ပီယံ မလေးရှားသည် ပွဲစဉ်တလျှောက်လုံး မြန်မာအသင်း၏ ဖိကစားခြင်းကို ခံခဲ့ရသည်။

မြန်မာအသင်းသည် အကြိုဗိုလ်လုပွဲတွင် အုပ်စု(က)၏ အုပ်စုဗိုလ်ဖြစ်သည့် ထိုင်းအသင်းနှင့် တွေ့ဆုံမည်ဖြစ်ရာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ-ထိုင်း အကြိုဗိုလ်လုပွဲ ပထမအကျော့ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်သုဝဏ္ဍအားကစားကွင်း တွင်လည်းကောင်း၊ ဒုတိယအကျော့ကို ဘန်ကောက်မြို့၊ ရာဇမင်္ဂလာအားကစားကွင်းတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar