မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပိတ်ပင်ခံရမှုကို မြန်မာနှင့် တရုတ်အာဏာပိုင်များ ဖြေရှင်းနေ

ရန်ကုန်၊ ဇွန် ၂၀

တရုတ်နိုင်ငံက ဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်ဘဏ်တွေဘက်က ယာယီပိတ်သိမ်းထားတဲ့အပေါ် ဖြေရှင်းနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို့ မြန်မာနဲ့ တရုတ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့ က Agricultural Bank of China၊ China Construction Bank နဲ့ Industrial and Commercial Bank of China ဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်း ၁၃၂ ခုကို တရုတ်ဘဏ်တွေက ဇွန် ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

စာရင်းပိတ်ခံရတဲ့ မြန်မာကုန်သည်တွေက ဒီပြဿနာကို ဖြေရှင်းပေးဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေထံကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“မူဆယ်မှာတော့ ဒီကိစ္စဟာ ကုန်သည်တွေကြားထဲမှာ တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ကုန်သည်တွေဘက်က တော်တော်လေး အထိနာသွားပုံရှိတယ်”လို့ မူဆယ်မြို့ခံတစ်ဦးဖြစ်တဲ့ ကိုစိုင်းကျော်သီဟက ပြောပါတယ်။

မြန်မာအစိုးရပိုင် သတင်းဌာနတွေကလည်း မြန်မာငွေစာရင်းတွေ အပိတ်ခံရတဲ့ကိစ္စဟာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကုန်သည်တွေကိုကိုးကားပြီး ပြစ်တင်ရေးသားပါခဲ့ပါတယ်။

ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်က “မိမိတို့ ငွေများသည် ငွေမည်းဟုဆိုပါက တရုတ်အစိုးရဘဏ်များက ဘာကြောင့် လက်ခံခဲ့ရသည်ကို သိလိုကြောင်း၊ ယခုလို လုပ်ရပ်မျိူး ဘယ်နိုင်ငံမှာမှ မရှိကြောင်းကို မူဆယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်” လို့ မြန်မာအစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဇွန် ၁၉ ရက်နေ့က ရေးသားပါတယ်။

မြန်မာကုန်သည်တွေဘက်က တိုင်ကြားချက်တွေ ရရှိပြီးတဲ့နောက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံး ဆက်သွယ်ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့  ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းပိတ်သိမ်းရတဲ့အကြောင်းအရင်းကို ပြောကြားပေးဖို့ ဝန်ကြီးဌာနကနေ သံရုံးကို ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကတဆင့် ဇွန် ၂၀ ရက်နေ့မှာ မြန်မာအစိုးရက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

“ကျွန်တော်တို့ ညှိနှိုင်းမှုတွေ လုပ်နေတယ်။ အသေးစိတ်အခြေအနေကတော့ သတင်းစာထဲမှာ ထုတ်ပြန်ထားတဲ့ အတိုင်းပဲ” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်ရုံးက တာဝန်ကျအရာရှိက Frontier ကို ဖုန်းကနေ ဖြေဆိုပါတယ်။

ဘဏ်စာရင်းတွေ ပိတ်ရတဲ့ အကြောင်းအရင်းက တရုတ်နိုင်ငံ၊ လွေမုန်ကူးပြည်နယ်၊ အန်ဝေပြည်နယ်နဲ့ အင်းနားမွန်ဂိုးလီယားတို့မှာ အွန်လိုင်းကနေ လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင် လွှဲပြောင်းတာ၊ ငွေသွင်းငွေထုတ်လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေကို စုံစမ်းစစ်ဆေးဖို့ ယာယီပိတ်ပင်တာဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က ဆင်ခြေပေးခဲ့တယ်ဆိုပြီးလည်း တရုတ်အရာရှိတွေကို ကိုးကားပြီး မြန်မာအစိုးရသတင်းစာတွေက ရေးသားထားပါတယ်။

တရုတ်က ယာယီပိတ်ဆို့ပြီး စောင့်ကြည့်တဲ့ ဘဏ်စာရင်း ၃၅၀ နီးပါးရှိပြီး အဲဒီထဲက ၁၃၂ ခုဟာ မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဘဏ်စာရင်းဖြစ်တယ်လို့လည်း မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

ရွှေလီမြို့ပေါ်မှာရှိတဲ့ တရုတ်ဘဏ်ခွဲတွေက ဘဏ်စာရင်း ၃၄၉ ခုကို စစ်ဆေးဖို့အတွက် ခေတ္တပိတ်ထားခဲ့ရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်က တန်ပြန်ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ရတဲ့ ဒီကိစ္စကို တရုတ်နိုင်ငံဘက်က “လွန်စွာအလေးထားပြီး မြန်မာနိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်း ဆောင်ရွက်သွားမည်” လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဇွန် ၁၉ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဘဏ်စာရင်း ယာယီပိတ်ဆို့မှုတွေဟာ“နှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ၏ ရေရှည် အကျိုးစီးပွားနှင့် တရုတ်-မြန်မာ ပုံမှန် နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်” လို့ သံရုံးထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တရုတ်ဘဏ်တွေက မြန်မာဘက်က ငွေစာရင်းတွေကို ပိတ်ဆို့တာဟာ ပထမဆုံးမဟုတ်ဘဲ ယခုနှစ်အစောပိုင်းကလည်း မြန်မာအစိုးရနဲ့ သဘောထားကွဲလွဲခဲ့တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကို ထောက်ပံ့နေတယ်လို့ ယူဆရတဲ့ ဘဏ်စာရင်းတစ်ခုကို တရုတ်စိုက်ပျိုးရေးဘဏ် Agricultural Bank Of China (AgBank) က ပိတ်ပင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားခဲ့ပါတယ်။

သတင်း-ထွန်းခိုင်

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.