မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ၊ ကူမင်းမြို့ကနေ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့အထိ ဆက်သွယ်မယ့် ကျည်ဆံရထားလမ်း တည်ဆောက်ဖို့ တရုတ်နိုင်ငံက စဉ်းစားနေတယ်လို့ အိန္ဒိယသတင်းစာတွေက ရေးသားထားကြပါတယ်။
“အိန္ဒိယနဲ့ တရုတ်တို့ ပူးပေါင်းကြိုးပမ်းမှုနေ မြို့ကြီးနှစ်မြို့ကြားမှာ မြန်နှုန်းမြင့်ရထားလမ်း တည်ထောင်နိုင်ပါလိမ့်မယ်” လို့ ကိုလ်ကတ္တားမြို့က တရုတ်ကောင်စစ်ဝန်ချုပ် Ma Zhanwu က စက်တင်ဘာ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တယ်လို့ The Hindu သတင်းစာက ရေးသားထားပါတယ်။
“ရထားလမ်းသာ အမှန်တကယ် ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ကူမင်းကနေ ကိုလ်ကတ္တားကို ရောက်ဖို့ နာရီအနည်းငယ်ပဲ အချိန်ယူရပါလိမ့်မယ်” လို့လည်း သူက ပြောကြားပါတယ်။
ရထားလမ်းကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေအတွက်လည်း အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဆိုပါတယ်။
“လမ်းကြောင်းတစ်လျောက်မှာ လုပ်ငန်းအစုလေးတွေ ရှိမှာဖြစ်ပါတယ်။ ကီလိုမီတာ ၂,၈၀၀ ရှည်လျားတဲ့ စီမံကိန်းမှာ ပါဝင်နေတဲ့ နိုင်ငံတွေအားလုံးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေ တိုးပွားလာပါမှာ” လို့ သူက ပြောကြားတယ်လို့ သတင်းစာက ဆက်လက်ရေးသားထားပါတယ်။
ကူမင်းဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ဆက်စပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ကိုလ်ကတ္တားကတော့ အိန္ဒိယနိုင်ငံရဲ့ အစည်းကားဆုံး ဆိပ်ကမ်းမြို့တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကုန်းတွင်းပိတ် နီပေါနိုင်ငံအတွက် ကုန်သွယ်မှုလုပ်ငန်းတွေကို ကိုလ်ကတ္တားကနေတစ်ဆင့် လုပ်ဆောင်နေပါတယ်။
“ကိုလ်ကတ္တားကနေ ကူမင်းအထိ ကျည်ဆံရထားကို ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ အာရှတစ်ခုလုံး ချိတ်ဆက်မိသွားမှာပါ” လို့ Zhanwu က ပြောကြားတယ်လို့ Hindustan Times သတင်းစာကလည်း ရေးသားထားပါတယ်။
ရထားလမ်းကြောင့် ဘင်္ဂလားဒေရှ့်-တရုတ်-အိန္ဒိယ-မြန်မာ စြင်္ကန်လမ်းတစ်လျောက် ကုန်သွယ်မှုတွေ ပိုမို တိုးမြင့်လာဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ပြောပါတယ်။