မြစ်ဆုံကိစ္စ အဖြေရှာပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကို ပြောကြား

၂၀၁၁ ခုနှစ်ကတည်းက ရပ်တန့်ထားခဲ့သည့် မြစ်ဆုံဆည် စီမံကိန်းကိစ္စကို ဖြေရှင်းပေးနိုင်ရန် အစိုးရသစ်အနေဖြင့် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟု တရုတ်သံတမန်တစ်ဦးက ပြောကြားသည်။

“မြစ်ဆုံဆည်ကိစ္စကို သင့်လျော်သလို ဖြေရှင်းပေးဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်” ဟု တရုတ်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျူဇန်မင်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလီခါချန်းတို့ ပေကျင်းမြို့၊ ပြည်သူ့ခန်းမဆောင်ကြီးတွင် သြဂုတ် ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် သင့်လျော်သည့်အဖြေတစ်ခု ရရှိလာရန် တရုတ်က မေ ျှာ်လင့်ထားသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာအုပ်ချုပ်ရေးဌာနများ ပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားအတွက် သင့်တော်သည့် အဖြေတစ်ခုအား ရှာဖွေရန် ၎င်းအနေဖြင့် ဆန္ဒရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ၎င်းကပြောကြားခဲ့သည်ဟု ရိုက်တာက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာလီခါချန်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သြဂုတ် ၁၇ ရက်နေ့ညက ရောက်ရှိနေခြင်း ဖြစ်သည်။ သြဂုတ် ၁၈ ရက်နေ့တွင် မစ္စတာလီခါချန်းက ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့ခန်းမဆောင်ကြီးတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လတွင် အရပ်သားအစိုးရ အာဏာရရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးသော အဓိက နိုင်ငံခြားခရီးစဉ်ဖြစ်သည့် တရုတ်နိုင်ငံသို့ ခရီးစဉ်တွင် မြစ်ဆုံဆည် စီမံကိန်းကိစ္စက လွှမ်းမိုးနေသည်။

ရေအားလ ျှပ်စစ်ထုတ်လုပ်ကာတရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် ရည်ရွယ်ထားသည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ပြည်သူများ၏ ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက ရပ်တန့်ထားခဲ့သည်။

အဆိုပါ စီမံကိန်းအား ပြန်လည်စတင်နိုင်ရန် တရုတ်က ကြိုးစားနေပြီး ယခုအစိုးရလက်ထက်တွင် အဆိုပါကိစ္စအတွက် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်နိုင်ရန် တရုတ်က လိုလားနေခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း မြစ်ဆုံကိစ္စအား အကောင်းဆုံးဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်မတိုင်မီ မြစ်ဆုံကိစ္စပြင်ဆင်မှုအဖြစ် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေးကော်မရှင်ကို သမ္မတ ဦးထင်ကျော်က သြဂုတ် ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသော ကဏ္ဍများ ဆောင်ရွက်ရန် အကူအညီအဖြစ် တရုတ် ယွမ် သန်း ၁,၀၀၀ အား အကူအညီ ပေးလိုကြောင်း၊ သဘာဝ ဘေးဒဏ်ဖြစ်သည့် ရေကြီး၊ ရေလျှံမှုများကာကွယ်ရန် နည်းပညာ အကူအညီ ပေးလိုကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းရေးအတွက် ပုံမှန်ဆွေးနွေးပွဲများ ထူထောင်ကာ နှစ်နိုင်ငံ အစိုးရများ အကြား ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် အကူအညီပေးရေးများကို ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအကူအညီဖြင့် တည်ဆောက်မည့် ကွမ်လုံတံတားသစ် စီမံကိန်းအတွက် ဖြစ်နိုင်စွမ်း လေ့လာမှုဆိုင်ရာ စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖိန်နှင့်လည်း သြဂုတ် ၁၉ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar