မြင်းခြံဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် AIIB က ချေးငွေ ပေးအပ်

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လ ျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုထားသည့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးရန် အတည်ပြုလိုက်သည်။

ဘေကျင်းအခြေစိုက် ထိုဘဏ်က စက်တင်ဘာ ၂၉  ရက်နေ့တွင် သတင်းထုတ်ပြန်ချက်အရ အဆိုပါ ချေးငွေများကို မန္တလေးတိုင်း၊ မြင်းခြံတွင် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် အသုံးပြုမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် သီးခြားလွတ်လပ်သော ဓာတ်အားပေးစက်ရုံဖြစ်လာမည်ဖြစ်ကာ တိုင်းပြည်အတွက် လ ျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟု ဆိုသည်။

ထိုစီမံကိန်းအတွက် ဘဏ္ဍာငွေကို အခြားသော ဖွံ့ဖြိုးရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်များကလည်း ပူးပေါင်း ထည့်ဝင်ပေးကြမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ကြေညာချက်မှာ ပါကစ္စတန်နိုင်ငံတွင် ရေအားလ ျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် AIIB က ချေးငွေ ဒေါ်လာသန်း ၃၀၀ ပေးအပ်မည်ဟု ထုတ်ပြန်မှုနှင့် တစ်ချိန်တည်းမှာပင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထိုစီမံကိန်းကိုမူ ကမ္ဘာ့ဘဏ်နှင့် ပူးတွဲ ဆောင်ရွက်မည်ဖြစ်သည်။

“စွမ်းအင်ကဏ္ဍက ဒီစီမံကိန်းနှစ်ခုလုံးက ဒီတိုင်းပြည်နှစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ ဓာတ်အားလိုအပ်ချက်ကို လျော့ကျစေပြီးတော့ စိမ်းလန်းပြီး ကုန်ကျမှုနဲ့ ကိုက်ညီတဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်ပေးဖို့ဆိုတဲ့ AIIB ရဲ့ အဓိကလုပ်ငန်းစဉ်တွေနဲ့လည်း ကိုက်ညီပါတယ်” ဟု AIIB ၏ ဥက္ကဋ္ဌ Mr Jin Liqun ကပြောသည်။

ယခုနှစ် ဇန်နဝါရီလက စတင်တည်ထောင်ခဲ့သည့် ဘဏ်က ဘဏ်လုပ်ငန် းစတင်သည့် ပထမနှစ်အတွင်း ချေးငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ထုတ်ပေးရန်ဟူသည့် ရည်မှန်းချက်ကို ပြည့်မှီစေရန် ယခု ချေးငွေများက အထောက်အကူ ပြုမည်ဖြစ်သည်။ စတင်တည်ထောင်ချိန်က စတင်ကာ ဘင်္ဂလားဒေရှ့်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် တာဂျ်ကစ္စတန်နိုင်ငံများမှ စီမံကိန်းများအတွက် ချေးငွေ ဒေါ်လာ သန်း ၅၀၀ ကျော်ကို အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။ ချေးငွေ တတိယအသုတ်ကို ယခုနှစ်မကုန်မီ ကြေညာဖွယ်ရှိနေသည်။

တရုတ်အစိုးရက စတင်ကမကထပြုကာ အဖွဲ့ဝင်နိုင်ငံ ၅၆ နိုင်ငံ ပူးပေါင်းထားသည့် အဆိုပါ ဘဏ်ကို အိန္ဒိယ၊ ရုရှားနှင့် ဂျာမဏီစသည့် အဓိက နိုင်ငံများကလည်း ကျောထောက်နောက်ခံပြုပေးထားသည်။ သို့သော် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ပါဝင်ထည့်ဝင်ထားခြင်း မရှိပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar