ရန်ကုန်၊ ဇွန် ၁
အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံထားရကာ အမှုရင်ဆိုင်နေရသည့် မျိုးချစ်အမည်ခံ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရန် ၎င်းတို့ကို ထောက်ခံသူများက ကမာရွတ်တရားရုံးရှေ့၌ ယနေ့ ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
ယနေ့ မွန်းတည့် ၁၂ နာရီက စတင်ပြီး ၄၅ မိနစ်ခန့် ကြာမြင့်သည့် အဆိုပါဆန္ဒပြပွဲသည် အမျိုးသားရေးသမားဟု အမည်ခံထားသည့် ကိုဝင်းကိုကိုလတ်၊ ကိုနောင်တော်လေးနှင့် ကိုသက်မျိုးဦးအပါအဝင် လေးဦးကို အစိုးရက အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားခြင်းနှင့် ဦးပါမောက္ခနှင့် ဦးသုစိတ္တအပါအဝင် ရဟန်းဝတ်သုံးဦးကို တရားစွဲထားခြင်းအား ရုတ်သိမ်းပေးရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့ခုနစ်ဦးသည် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တစ်ခုကို မကျေနပ်သဖြင့် ၂၀၁၆ ခုနှစ်အတွင်းက ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည့်အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉၊ နောက်တိုးပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
ရဟန်းဝတ် တစ်ဒါဇင်ခန့်နှင့် လူ ၅၀ ခန့် ပါဝင်သော အဆိုပါဆန္ဒပြပွဲသည် ကိုဝင်းကိုကိုလတ်တို့အား ရုံးမထုတ်မီ နာရီပိုင်းအလိုတွင် ကမာရွတ်တရားရုံးရှေ့၌ ပိတ်ဆို့ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ဟောပြောမှုများနှင့် ကြွေးကျော်သံများကို သံပြိုင်ဟစ်အော်မှုများလည်း ပြုလုပ်ခဲ့ကြသည်။
တစ်ချိန်တည်းတွင် ကမာရွတ်တရားရုံးကို လက်နက်ကိုင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးထားပြီး ဆန္ဒပြပွဲကိုမူ တားဆီးခြင်း၊ အကာအကွယ်ပေးခြင်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။
dsc_6350_lo_res.jpg
title=
ဆန္ဒပြပွဲပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တရားရုံးအချုပ်အတွင်းရောက်ရှိနေသည့် ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်အပါအဝင် လေးဦးကို လက်နှက်ကိုင် ရဲအစောင့်အရှောက်များဖြင့် ရုံးထုတ်ခဲ့ပြီး တရားရုံးကဆင့်ခေါ်ထားသည့် ဦးပါမောက္ခ အပါအဝင် ရဟန်းသုံးပါးကိုမူ တရားခွင်တွင် မတွေ့ရှိခဲ့ရပေ။
တစ်မိနစ်ခန့်သာကြာမြင့်သော ကြားနာမှုအတွင်း တရားသူကြီးက နောက်ထပ်ရုံးချိန်းကို ဇွန် ၈ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်။
အခြားတစ်ဘက်တွင်လည်း မျိုးချစ်အမည်ခံ တက်ကြွလှုပ်ရှားသူများကို ရုံးထုတ်သည့်နေ့တွင် တရားရုံးရှေ့ စုဝေးဆန္ဒပြမည့်အစီအစဉ်ကို တိုးမြင့်လုပ်ဆောင်ကြရန် မျိုးချစ်အမည်ခံ တက်ကြွလှုပ်ရှားသူများက စီစဉ်လျှက်ရှိသည်။
မင်္ဂလာတောင်ညွန့်ြ့မို့နယ်၊ မြယာကုန်းတွင် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုနှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသူများလည်း မင်္ဂလာတောင်ညွန့် တရားရုံးတွင် မနက်ဖြန် ဇွန် ၂ ရက်နေ့၌ ရုံးထုတ်မည်ဖြစ်ရာ ကမာရွတ်ရုံးရှေ့တွင် ယနေ့ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတိုင်း လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန်စီစဉ်လျှက်ရှိသည်။
၎င်းတို့သည် မေ ၉ ရက်နေ့၊ ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး စွပ်စွဲခံထားရသူများဖြစ်သည်။
အနည်းဆုံး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြယာကုန်းဖြစ်စဉ်တွင် မျိုးချစ်အမည်ခံထားသူများက မူဆလင်များကို ပစ်မှတ်ထား လှုပ်ရှားခဲ့ကြကြောင်း စွပ်စွဲခံထားရပြီး ယင်းဖြစ်စဉ်ကို ရဲတပ်ဖွဲ့က သေနတ်နှစ်ချက် ပစ်ဖောက် တားဆီးခဲ့ရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး တင်ထွဋ္ဋ်ဇော် (ခေါ်) ကိုလတ်၊ မအောင်အောင်မြင့် (ခေါ်)မအောင်၊ တင်လင်းထိုက် (ခေါ်)လင်းလင်း၊ အကြီးကောင် (ခေါ်) တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ်နှင့် သံဃာတော် ဦးသုစိတ္တ၊ ဦးပညာဝံသတို့ကို ရဲတပ်ဖွဲ့က မေ ၁၁ ရက်နေ့တွင်ပုဒ်မ ၅၀၅(ဂ)/၃၄ နှင့်အမှုဖွင့်ခဲ့ပြီးနောက် မင်္ဂလာတောင်ညွန့်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရဟန်းတ်နှစ်ဦးမှအပ လူငါးဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်။
သတင်း-ထွန်းခိုင်